တော်လှန်နယ်မြေကို ထွက်လာပြီးနောက် လူသူအလှမ်းဝေးလှသည့် စစ်ရှောင်စခန်းတစ်ခုမှာ သူတို့မိသားစု နေခဲ့ရသည်။ ခန္ဓာကိုယ်တစ်ခြမ်း လေဖြတ်ထားသည့်အတွက် သူ့မိသားစုနေမည့်တဲကို ရဲဘော်တွေက ဝိုင်းဆောက်ပေးခဲ့သည်။ ထိုတောထဲက စစ်ရှောင်စခန်းမှာ စားဝတ်နေရေး အဆင်မပြေနိုင်လွန်းလို့ သွားလာရေးလွယ်ကူသည့်နေရာတစ်ခုကို စစ်ရှောင်တွေ ပြောင်းရွှေ့ကြတော့ ကိုအောင်မင်းလည်း လိုက်ပါပြောင်းရွှေ့ခဲ့သည်။ သူ့နေမည့်တဲကို သူနဲ့ တစ်ရွာတည်းသားတွေကပဲ ဝိုင်းဆောက်ပေးကြသည်။ သူ့အနေဖြင့် ဘဝတူစစ်ရှောင်တွေကို သူ့ကိုယ်ကာယအားဖြင့် ဘာမှ ပြန်ကူညီနိုင်တာမရှိကြောင်း ကိုအောင်မင်းက ပြောသည်။ သူ မနက်အိပ်ရာထ ကတည်းက မိန်းမဖြစ်သူက သူ့ပုဆိုးကို ဝတ်ပေးရသည်။ ရေချိုးချိန်ဆိုလျှင် ရေချိုးပေးရသည်။ သူ့မိန်းမသည် သစ္စာရှိပြီး မေတ္တာကြီးသည့် အိမ်ထောင်ရှင်မကောင်းတစ်ယောက်အဖြစ် တစ်ရွာတည်းသားချင်း စစ်ရှောင်တွေက ချီးမွမ်းကြသည်။ ကိုအောင်မင်းကလည်း တာဝန်ကျေသည်။ သန်စွမ်းသည့် ကိုယ်ခန္ဓာတစ်ခြမ်းနဲ့ ဦးနှောက်ပေါင်းပြီး မိသားစုစားဝတ်နေရေးကို ဦးဆောင်နေသည်။ "သူ့အိမ်ရဲ့ စားဝတ်နေရေးအတွက် သူပဲ ရှာဖွေသလို၊ သူ့အိမ်က အသုံးစရိတ်ဆိုတာလည်း သူ့ကွန်ထရိုးအောက်ကနေပဲ သွားနေတာ။ တချို့ ယောက်ျားတွေ လေဖြတ်ရင် မိန်းမက ကျွန်လိုပြုစုကြရတာ။ သူကတော့ လေဖြတ်ထားတဲ့ ဒုက္ခိတဖြစ်ပေမယ့် မိသားစုကို ဦးဆောင်ရှာကျွေးနေတယ်။ စစ်ရှောင်ထဲမှာတော့ တကယ့်စံပြပုဂ္ဂိုလ်ပါ" ဟု သူနေထိုင်သည့် စစ်ရှောင်စခန်းက အမျိုးသားကြီးတစ်ဦးက မှတ်ချက်ပြုသည်။ အလုပ်နဲ့ ပတ်သက်ပြီး ကိုအောင်မင်းကို ယုံကြည်သူတွေ ရှိသည်။ ကိုအောင်မင်းကလည်း စီးပွားရေးဦးနှောက် ရှိသည်။ အခုလမ်းဘေးက မြက်ခင်းပြင်လေးကို တစ်နှစ်တာအတွက် နှစ်သိန်းခွဲနဲ့ ငှားရမ်းထားသည်။ အမဲခုံက ပိုင်သည့် နွားတွေကို ထိုမြက်ခင်းပေါ်မှာ သူကျောင်းသည်။ တစ်နှစ်ကျော်လောက်ဆိုလျှင် သူကျောင်းသည့်နွားဆယ်ကောင်ထဲက ငါးကောင်ကို နွားကျောင်းခအဖြစ် သူရမည် ဖြစ်သည်။ ကိုအောင်မင်းသည် ပြီးခဲ့သည့်နွေရာသီက သားဖြစ်သူကို အခြားစစ်ဘေးရှောင်ကလေးတွေနဲ့အတူ ရှင်ပြုပေးနိုင်ခဲ့သည်။ "ကျွန်တော်က ငွေရေးကြေးရေးမှာ အများယုံကြည်အောင်နေတယ်။ အခုပိုက်ဆံ ရှစ်သိန်း အကြွေးတင်နေတယ်။ အခုကျောင်းနေတဲ့ နွားတွေထဲက ရရင် နွားနှစ်ကောင်ရောင်းပြီးဆပ်မယ်။ ပိုက်ဆံချေးတုန်းက ပိုက်ဆံချေးပေးတဲ့ သူငယ်ချင်းက အိမ်ထိ လာပေးတယ်။ သူ လိုတုန်းကလည်း ကျွန်တော်က သူရှိတဲ့ရွာထိ လူကိုယ်တိုင်သွားပြီး ချေးပေးခဲ့တာ။ ကျွန်တော်ချေးတော့လည်း အိမ်ကို လာပေးပါလို့ ပြောတာပေါ့ဗျာ" လို့ ကိုအောင်မင်းက ပြောပြသည်။ ဖြစ်နိုင်လျှင် ကိုအောင်မင်းတစ်ယောက် တော်လှန်ရေးတပ်ဖွဲ့တွေကိုပါ ထောက်ပံ့ချင်သည်။ လက်ရှိအချိန်တွင်တော့ ကိုအောင်မင်းတစ်ယောက် သူ့သားသမီးတွေအတွက် ရုန်းကန်နေသည်။ သူ၏ သားအကြီးဆုံးနှင့် သမီးလတ်က Grade 6 တက်နေပြီး အငယ်ဆုံးသမီးလေးက KG တန်း တက်နေသည်။ တကယ်ဆိုလျှင် သားအကြီးက Grade 8 တက်ရမည့်အရွယ် ဖြစ်သည်။ သို့သော် ကိုအောင်မင်းသည် ဟံသာဝတီကျေးရွာတွင် နေခဲ့ရသည့် အာဏာသိမ်းကာလဦး နှစ်နှစ်တာမှာ သူ့သားကို အာဏာသိမ်းစစ်တပ် လက်အောက်ခံ ကျောင်းတွင် မထားခဲ့ပါ။ ထို့ကြောင့် မောင်နှမနှစ်ယောက် အတန်းတူ ဖြစ်နေသည်။ "ကျွန်တော် နွားကျောင်းရတော့ လမ်းလျှောက်ဖြစ်တယ်။ ကျန်းမာရေးအတွက်လည်း ကောင်းတယ်ဗျာ။ ကျွန်တော် Grade 12 ကျောင်းသားတစ်ယောက် တစ်နှစ် ဘယ်လောက်ကုန်လဲ သူများမေးကြည့်တာ နှစ်ဆယ့်လေးသိန်းတဲ့။ ကျနော်က သားနဲ့သမီး Grade 12 ရောက်ရင် နှစ်ယောက်ဆိုတော့ လေးဆယ့်ရှစ်သိန်း ရှာရမယ်။ သားသမီးတွေကို အတန်းပညာ ပြီးဆုံးအောင် သင်ပေးမယ်။ ကြားထဲမှာ ကျွန်တော်သေသွားရင်တော့ ဘယ်တတ်နိုင်မလဲ" ဟု ကိုအောင်မင်းက ပြောပါသည်။ အချုပ်စခန်းထဲမှာ သုံးလကျော်ကြာ နှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ရသည့် ကိုအောင်မင်းက ဘဝတူ စစ်ဘေးရှောင်တွေကိုလည်း အားပေးလေ့ရှိသူတစ်ယောက် ဖြစ်ပါသည်။ "ဒီနေရာလေးက ပျော်စရာကောင်းပါတယ်" ဟု သူက ဆိုသည်။ ကိုယ်တစ်ခြမ်း မသန်တော့တဲ့ ကိုအောင်မင်းတစ်ယောက် သူ့သားသမီးတွေ အနာဂတ်မသေဖို့ လမ်းဘေး တစ်နေရာမှာ နွားကျောင်းနေပါသည်။ The Nation Voice Journal ကို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ ပုံနှိပ်ထုတ်ဝေဖြန့်ချိနေပါပြီ။ သတင်းနဲ့ ဆောင်းပါးတွေဖတ်ဖို့ အခုပဲ အခမဲ့ Download ရယူလိုက်ပါ . . https://www.mediafire.com/file/pyyr5yl4qqghzhd/The+Nation+Voice+2.20.pdf/file သတင်းတွေသိရဖို့ မျှဝေပေးပါ . . . The Nation Voice ကို အစဉ်တစိုက် အားပေးနေကြတဲ့ စာဖတ်ပရိသတ်တစ်ဦးချင်းစီကို အထူးကျေးဇူးတင်ရှိပါတယ်။
Open in TelegramPosts of The Nation Voice
"တစ်နေရာရာမှာ သူတို့တိုက်ပွဲရှုံးခဲ့တယ်။ သေခဲ့တယ်။ ထိခဲ့တယ်ဆိုရင် အဲဒီလိုနေ့တွေမှာ ပိုပြီးရိုက်တယ်" ဟု ကိုအောင်မင်းနှင့် တစ်ရွာတည်းနေခဲ့သည့် ဟံသာဝတီကျေးရွာခံ အမျိုးသမီးတစ်ယောက်က ပြောပြသည်။ ကိုအောင်မင်း ဟံသာဝတီရဲစခန်း အချုပ်ထဲက သမံတလင်းမှာ သုံးလနှင့် လေးရက် နေခဲ့ရသည်။ သုံးလကျော်ကာလအတွင်း ကိုအောင်မင်း တစ်ညပဲ အရိုက်ခံရလွတ်သည်။ ထိုနေ့ညကိုလည်း ကိုအောင်မင်း မှတ်မှတ်ရရ ရှိနေသည်။ "အဲဒီနေ့ညက သူတို့ မှန်တောရွာက တော်လှန်ရေးဘက်သားတစ်ယောက်ကို အရှင်မိလာတဲ့ညဗျ။ သူတို့ အဲဒီတော်လှန်ရေးဘက်သားကို သတ်ပြီး အောင်ပွဲခံကြတာ။ အဲဒီနေ့ည တစ်ညပဲ ကျွန်တော် အရိုက်ခံရလွတ်ခဲ့တယ်" ဟု ကိုအောင်မင်းက ပြောပြသည်။ မှန်တောရွာဆိုသည်မှာ ဟံသာဝတီ မြောက်ဘက် ငါးမိုင်ဝန်းကျင်အကွာ၊ ကလေးမြို့နယ်ထဲက ကျေးရွာ ဖြစ်သည်။ ဟံသာဝတီကျေးရွာသည် မကွေးတိုင်း၊ ဂန့်ဂေါနယ် မြောက်ဘက်အစွန်ဆုံးမှာ တည်ရှိသည်။ ဟံသာဝတီကျေးရွာ၏ မြောက်ဘက်အထွက်တွင် မကွေးတိုင်းမှ နှုတ်ခွန်းဆက်သပါ၏ ဆိုင်းဘုတ်ရှိသည်။ ဟံသာဝတီ မြောက်ဘက် ဂန့်ဂေါ–ကလေး လမ်းမကြီးအတိုင်းသွားလျှင် ကြံသာ၊ အောင်သာယာ၊ မှန်တောကျေးရွာတွေကို ရောက်သည်။ ကိုအောင်မင်း ပြောပြချက်အရ သူ အချုပ်ကျနေစဥ် မှတ်မှတ်ထင်ထင် အဖြစ်အပျက်တစ်ခုလည်း ရှိခဲ့သည်။ သူ အချုပ်ကျနေစဥ် သူ့နဲ့ အမြဲလိုလို စကားလာပြောနေသည့် စစ်သားတစ်ယောက်ရှိသည်။ တစ်ညနေမှာတော့ သူက အဆိုပါ စစ်သားကို "ဓမ္မနဲ့ အဓမ္မ ခွဲခွဲခြားခြား သိသလား" ဟု မေးသည်။ "သိပါတယ်" ဟု စစ်သားက ဖြေသည်။ ထိုစစ်သားသည် ညရောက်တော့ သေနတ်မောင်းခလုတ်ကို ခြေမနဲ့နင်းပြီး သူ့ကိုယ်သူ အဆုံးစီရင်သွားသည်ဟု ကိုအောင်မင်းက ဆိုသည်။ "ကျွန်တော်က အချုပ်ထဲနေရစဥ်မှာ စစ်သားတစ်ယောက်သေအောင် နှုတ်နဲ့ပစ်သတ်နိုင်ခဲ့တယ်" ဟု ကိုအောင်မင်းက ဆိုသည်။ ကိုအောင်မင်း ဟံသာဝတီအချုပ်ခန်းထဲမှာ ညစဥ် အရိုက်ခံနေရသည်။ ကိုအောင်မင်းက အာဏာသိမ်းစစ်တပ်က ဗိုလ်ကြီးကို ကလေးထောင်ကို ပြောင်းပေးဖို့ တောင်းဆိုသည်။ ဗိုလ်ကြီးက သိန်းခုနစ်ဆယ်ပေးလျှင် လွှတ်ပေးမည်ဟု ညှိသည်။ သိန်းခုနစ်ဆယ်။ ကုန်စိမ်းသည် ကိုအောင်မင်းတို့ မိသားစု လုံးဝ မတတ်နိုင်ပါ။ သိန်းသုံးဆယ်အထိ ဗိုလ်ကြီးက ဈေးညှိသည်။ နောက်ဆုံး ကိုအောင်မင်း၏ အမျိုးသမီး မလှသန်းက ဆယ့်ငါးသိန်းဖြင့် ရွေးယူခဲ့ရသည်။ ၄။ အချုပ်ထဲက လွတ်လာတော့ ကိုအောင်မင်းသည် ဟံသာဝတီရွာ တောင်ဘက်အဝင်၊ ရဲစခန်းနဲ့ မလှမ်းမကမ်းက ရေကန်ကြီးထဲတွင် ဝမ်းရေးအတွက် ပိုက်ဖြင့် ငါးဖမ်းရသည်။ "ပိုက်ချပြီး ငါးရှာပေမယ့် ငါးကို ရဲစခန်းထဲ ပေးရသေးတာ။ သူကလည်း လွတ်ခါစဆိုတော့ မငြိုငြင်အောင် လုပ်ရတာပဗျာ။ စခန်းကို ပေးပြီးမှ ပိုတဲ့ငါးလေး ရောင်းရရှာတာ" လို့ ကိုအောင်မင်းနဲ့ ရင်းနှီးသည့် ဟံသာဝတီရွာခံ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောပြသည်။ အချုပ်ထဲက ထွက်လာပြီး လေးရက်နှင့် နေ့တစ်ပိုင်းအကြာမှာ ကိုအောင်မင်းသည် ရေကန်ထဲမှာ လှေပေါ်ကနေ ပိုက်ချနေသည်။ လှေက ကမ်းစပ်နဲ့ မလှမ်းမကမ်းမှာ။ သမံတလင်းမှာ သုံးလကျော် အိပ်ခဲ့ရသည့်ဒဏ်၊ ညတိုင်း ဝါးတစ်လုံးကွဲအောင် ရိုက်ခံခဲ့ရသည့် ဒဏ်တွေကြောင့် သူ့ညာဘက်တစ်ခြမ်း လေဖြတ်သွားသည်။ လှေပေါ်ကနေ ရေထဲကို ပြုတ်ကျသည်။ ကိုအောင်မင်းက သတိကောင်းသည်။ ပြီးတော့ ရေကူးကျွမ်းကျင်သည်။ အရင်က ဝက်သားတစ်ပိဿာတွဲကို လက်တစ်ဖက်က မပြီး ရေကို အေးဆေးကူးနိုင်သည်။ ညာဘက်တစ်ခြမ်း မလှုပ်နိုင်တော့ ဘယ်ဘက်ခြေတစ်ချောင်းကို အောက်မှာထောက်ပြီး ဘယ်လက်တစ်ဖက်တည်းနဲ့ ခန္ဓာကိုယ်ကို ရေထဲမှာ ရပ်နိုင်အောင်၊ တစ်နည်းအားဖြင့် မျက်နှာကို ရေပေါ်မှာဖော်ပြီး အသက်ရှုနေနိုင်အောင် ကိုအောင်မင်း ရုန်းကန်နိုင်ခဲ့သည်။ လှေက လူကျသည့်အရှိန်နဲ့ ခပ်ဝေးဝေးကို ရောက်သွားသည်။ "ကျွန်တော်ဘုရားကို သစ္စာဆိုတယ်။ ဘုရားမှတပါး ကိုးကွယ်ရာမရှိဘူးလို့ သစ္စာဆိုတယ်။ လှေက လေနဲ့အတူ ကျွန်တော့် နားပြန်ရောက်လာတယ်" ဟု သူ အသက်ဘေးက လွတ်ခဲ့ပုံကို ကိုအောင်မင်းက ပြောပြသည်။ သူ လှေပေါ်ကို ကြိုးစားတက်သည်။ ပုဆိုးမပါတော့ဘဲ လှေပေါ်မှာ ပက်လက်အိပ်နေရသည်။ ကန်စပ်ကို ရွာခံလူတစ်ယောက်လာတော့ ကိုအောင်မင်း လှေပေါ်ကနေ အော်ဟစ် အကူအညီတောင်းသည်။ "လှေနှင့်ပိုက်ကို အပိုင်ယူပါ။ လူကိုကယ်ပါ" ဟု အော်ပြောပြီး အကူအညီ တောင်းခဲ့သည်။ သူ့ကို လာကယ်တာပဲ သိလိုက်သည်။ အိမ်ရောက်တာတွေ မသိတော့။ သတိလစ်သွားပြီ။ ကိုယ်တစ်ခြမ်းသေ သွားပြီ။ သူ့မိန်းမ မလှသန်းက သူ့ကို ကောင်းကောင်းပြုစုသည်။ ကိုအောင်မင်း နလန်ပြန်ထသည်။ ခန္ဓာကိုယ်တစ်ခြမ်းစောင်းနဲ့ လမ်းလျှောက်နိုင်ပြီ။ ၂၀၂၄ ခုနှစ်၊ နှစ်ဦးပိုင်းမှာ ကိုအောင်မင်းနှင့် မိသားစုသည် အာဏာသိမ်းစစ်တပ် အဖွဲ့ဝင်တွေ၊ ပျူစောထီးတွေ မသိအောင် ဟံသာဝတီကျေးရွာကနေ တော်လှန်နယ်မြေထဲကို ထွက်ခွာလာနိုင်ခဲ့သည်။ ၅။ "တော်လှန်ရေးဘက်ကနေ တွေးရင် သူတို့ကို ကျွန်တော်သတ်ပစ်ချင်တယ်။ လူသားတစ်ယောက်အနေနဲ့ တွေးရင်တော့ သူတို့မှာလည်း မိသားစုတွေ ရှိနေတဲ့အတွက် ကျွန်တော်မသတ်ချင်ဘူး။ သူတို့မိသားစုတွေ မထိခိုက်စေချင်ဘူး" ဟု မိသားစုအပေါ် တာဝန်ကျေပွန်သည့် ဒုက္ခသည် ကိုအောင်မင်းက သူ့ကို ညစဥ် ရိုက်နှက်နှိပ်စက်ခဲ့သည့် အာဏာသိမ်းစစ်တပ် အဖွဲ့ဝင်တွေ၊ ပျူစောထီးတွေနဲ့ ပတ်သက်ပြီး ပြောသည်။
Open in Telegramယောနယ်က စံပြစစ်ရှောင် (Profile Feature) The Nation Voice Journal အတွဲ ၂၊ စာစဉ် ၂၀ မောင်ချမ်းမြ ရေးသားသည်။ (ဇာတ်ကောင်နှင့် ဇနီးအမည်ကို လုံခြုံရေးအတွက် ပြောင်းလဲထားသည်။) ၁။ ကျွန်တော် စစ်ရှောင်တွေဆီ အသွားဆိုလျှင် လမ်းဘေးမှာ သူ့ကိုတွေ့ရသည်။ ကျွန်တော် စစ်ရှောင်တွေဆီက အပြန်ဆိုလျှင်လည်း လမ်းဘေးမှာ သူ့ကိုတွေ့ရသည်။ တုတ်တစ်ချောင်းကို အားပြုပြီး ထော့နဲ့ထော့နဲ့ ကားလမ်းမကြီးဘေးမှာ လမ်းလျှောက်နေသော သူ့ကို နေ့လယ် နေပူပူအောက်မှာလည်း တွေ့သည်။ ပုခုံးခပ်စောင်းစောင်း ခန္ဓာကိုယ်ပိန်ပါးပါးနဲ့ လမ်းမဘေးမှာ မတ်တပ်ရပ်လျက် နေဝင်ဆည်းဆာအောက်မှာ ရပ်ပြီး ကျွန်တော်တို့ကို သူနှုတ်ဆက်ခဲ့သည်မှာ အကြိမ်ကြိမ်ရှိပါပြီ။ ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင် မဟုတ်ဘဲ လမ်းလျှောက်နေသော သူ့ကိုတွေ့သည့်အခါ ဆိုင်ကယ်ကို အရှိန်လျှော့ကာ လှည့်ကြည့်ပြီး ကျွန်တော် သူ့ကို အော်ဟစ်နှုတ်ဆက်ထားခဲ့မြဲ ဖြစ်သည်။ သူသည် လမ်းဘေးမှာ နွားကျောင်းနေသည့် စစ်ရှောင်အမျိုးသားတစ်ဦး ဖြစ်သည်။ ကိုယ်တစ်ခြမ်း လေဖြတ်ထားသော်လည်း ထော့နဲ့ထော့နဲ့ လမ်းလျှောက်ရင်း သူများနွားတွေကို အဖက်စား ကျောင်းနေသည်။ စစ်ရှောင်စခန်းက ခပ်ရွဲ့ရွဲ့ တဲကုပ်လေးမှာ နေထိုင်သည့် သူ့မိန်းမ မလှသန်းနဲ့ သားသမီးတွေအတွက် သူနွားကျောင်းနေသည်။ အလယ်တန်းအရွယ် သားတစ်ယောက်၊ သမီးတစ်ယောက်နှင့် ငါးနှစ်အရွယ် သမီးလေးတစ်ယောက်ရဲ့ အနာဂတ်အတွက် သူနွားကျောင်းနေသည်။ တော်လှန်ရေးအတွက် သူနွားကျောင်းနေသည်။ ၂။ ကိုအောင်မင်းက ယင်းမာပင်နယ်သားတစ်ယောက် ဖြစ်ပြီး သူ့ဇနီး မလှသန်းက ပုလဲနယ်သူ ဖြစ်သည်။ သူတို့ ဇနီးမောင်နှံသည် ပုံတောင်နှင့် ပုံညာကို ကျော်ပြီး ယောနယ်မှာ အခြေချခဲ့ကြသည်။ သူတို့ အခြေချခဲ့ကြသည့်ရွာက ယောဒေသဟု လူသိများသည့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ဟံသာဝတီကျေးရွာကြီးတွင် ဖြစ်သည်။ ဟံသာဝတီကျေးရွာကို ၂၀၁၁ ခုနှစ်တွင် ကိုအောင်မင်းတို့ လင်မယား အခြေချခဲ့ကြသည်။ ကိုအောင်မင်းတို့ ဟံသာဝတီကျေးရွာကြီးတွင် အခြေချနေထိုင်လို့ ဆယ်နှစ်ပြည့်သည့် ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့သည်။ ရဲစခန်းလည်းရှိ၊ အာဏာသိမ်းစစ်တပ်ကို ထောက်ခံသူများ နေထိုင်သည့် ကုက္ကား၊ မြောက်ခင်ရန်းရွာတွေနှင့်လည်း ရွာချင်းဆက် ဖြစ်နေသဖြင့် ဟံသာဝတီရွာသည်လည်း အာဏာသိမ်းစစ်တပ်နှင့် ပျူစောထီးလက်အောက်ကို လုံးလုံးကျရောက်ခဲ့သည်။ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ကိုအောင်မင်းသည် အာဏာသိမ်းစစ်တပ်နှင့် ပျူစောထီးတွေ ထိန်းချုပ်ထားသည့် ဟံသာဝတီကျေးရွာမှာပဲ ဆက်နေရင်း တော်လှန်ရေးအတွက် အလုပ်လုပ်ခဲ့သည်။ တော်လှန်ရေးကာလ ဦးစမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ထောက်ပံ့မှုလုပ်ခဲ့သည်။ သူ့အလုပ်ကလည်း ဆိုင်ကယ်နဲ့ ဈေးလှည့်ရောင်းသည့် ကုန်စိမ်းသည်မို့ ပစ္စည်းတွေကို သယ်ယူရ လွယ်ကူနေသည်။ ထောက်ပံ့မည့် ပစ္စည်းတွေကို သူရောင်းမည့် ပစ္စည်းတွေနှင့်အတူ သယ်ယူသွားလေ့ရှိသည်။ သူနှင့်အတူတကွ တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့နေသည့် ရွာထဲက ပိုက်ဆံရှိသူ ငါးဦးလည်း ပါသည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ပထမပတ်ထဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ထောက်ပံ့သည့်အတွက် ပျူစောထီးအဖွဲ့ဝင်တွေနှင့် အာဏာသိမ်းစစ်တပ်က သူ့ကို ဖမ်းဆီးခဲ့သည်။ သူ့ကို နှိပ်စက်ပြီး သူနဲ့အတူ ထောက်ပံ့ခဲ့သူတွေကို ဖော်ထုတ်ခိုင်းသည်။ သူက ဘူးခံငြင်းသည်။ သူ့ကို မဖမ်းဆီးခင် ရက်ပိုင်းအလိုမှာ တော်လှန်ရေးဘက်ကို သူတို့ထောက်ပံ့နေသည့်အကြောင်း အာဏာသိမ်းစစ်တပ်နဲ့ ပျူစောထီးတွေ သိနေပြီဖြစ်ကြောင်း အခြားသူတွေကို ကိုအောင်မင်း သတင်းပေးနိုင်ခဲ့သည်။ ထို့ကြောင့် သူနဲ့ ဆက်နွယ်သူတွေ ဖမ်းဆီးမခံရခင် ဟံသာဝတီကျေးရွာကနေ ထွက်ပြေးနိုင်ခဲ့ကြသည်။ "ကျွန်တော် ဘယ်သူ့ကိုမှ မဖော်ခဲ့ဘူး။ ကျွန်တော့်ကြောင့် အဖမ်းမခံခဲ့ကြရဘူး။ ကြိုပြီး ရွာကနေ ထွက်နိုင်ခဲ့ကြတယ်" ဟု ကိုအောင်မင်းက ဂုဏ်ယူစွာ ပြောပြသည်။ သူ၏ ကိုယ်ခန္ဓာမှာ ဝါးခြမ်းပြားလို ပိန်ပါးနေသည်။ အသားတွေက နေလောင်ပြီး မဲနေသည်။ ပါးနှစ်ဖက်က အထဲကို ချိုင့်ဝင်နေသည်။ စကားပြောသည့်အခါ ဘယ်ဖက်လက်တစ်ဖက်တည်းကိုသာ မြှောက်မြှောက်ပြီး ပြောတတ်သည်။ ညာဘက်လက်ကိုတော့ သူမမြှောက်နိုင်တော့။ သူ့ညာဘက်ခန္ဓာကိုယ်တစ်ခြမ်း လေဖြတ်ထားသည်။ ၃။ အာဏာသိမ်းစစ်တပ်နဲ့ ပျူစောထီးတွေက ဖမ်းဆီးပြီးနောက် ကိုအောင်မင်း ညတိုင်းငရဲခံရသည်။ "ညတိုင်း မူးမူးနဲ့ တစ်ယောက်မဟုတ် တစ်ယောက် ဝင်ရိုက်တယ်။ တင်ပါးနဲ့ အောက်ပိုင်းတွေကို ရိုက်တယ်။ ပါးတွေကို ရိုက်တယ်။ ပုခုံးတွေကို ဝါးလုံးနဲ့ထိုးတယ်။ ရိုက်တာက သူတို့ရိုက်တဲ့ ဝါးကွဲမှ ရပ်တာ။ တစ်ညကို ဝါးလုံးတစ်လုံးကွဲမှ ရိုက်တာရပ်တယ်" ဟု ကိုအောင်မင်းက ပြောပြသည်။ ဒါ့အပြင် ကိုအောင်မင်းကို ဓားဖြင့် အသားထဲကို လက်တစ်ဆစ်နီးပါးလောက် ဝင်အောင်ထိုးပြီး နှိပ်စက်သည့်အခါ နှိပ်စက်သည်။ ညတိုင်း အရိုက်ခံရတော့ ကိုအောင်မင်းသည် ဝါးလုံးစိမ်းကိုပင် သိပ်မကြောက်တော့။ ဝါးလုံးခြောက်ဆိုလျှင် ခဏလေးနဲ့ ကွဲသည်။ ရိုက်ပွဲလည်း ခဏနဲ့ ပြီးသွားတတ်သည်။ ဝါးမစိုမခြောက်ကိုတော့ ကိုအောင်မင်း ကြောက်သည်။ ဝါးမစိုမခြောက်က တော်တော်နဲ့ မကွဲတတ်သည့်အတွက် အကြာကြီးခံရသည်။ ကိုအောင်မင်းကို ရိုက်သည့်သူတွေသည် ညတိုင်း မူးအောင်သောက်စားပြီးမှ ရိုက်ခြင်း ဖြစ်သည်။
Open in Telegramထိုရန်ပုံငွေ မည်မျှ စစ်ရှောင်များထံ တကယ် ရောက်ရှိသည်ကိုလည်း သီးခြား စိစစ် အတည်ပြုနိုင်ခြင်း မရှိသေးဘဲ တာဝန်ရှိသူများက "ဖြတ်ယူ" သည်ဆိုသည့် ပြောကြားချက်ကိုလည်း TNV သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။ သက်ဆိုင်ရာ အဖွဲ့များ၏ ရှင်းလင်းချက်ကိုလည်း ယခုအထိ ရယူနိုင်ခြင်း မရှိသေးပါ။ သို့ရာတွင် မြေပြင်စစ်ဘေးရှောင်များရင်ဆိုင်နေရသည့် စားနပ်ရိက္ခာနှင့် နေထိုင်ရေးအခက်အခဲများအကြောင်းကိုတော့ TNV အနေဖြင့် အတည်ပြုထားပြီးဖြစ်ပါသည်။ ဒေသတွင်း အရပ်ဘက်အဖွဲ့များမှ တာဝန်ရှိသူအချို့၏ အမြင်တွင် ဤ ပြဿနာကို ဖြေရှင်းရန် မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအနေဖြင့် စစ်ရှောင်ကိစ္စ သီးသန့် ကိုင်တွယ်မည့် ဌာနတစ်ခု လိုအပ်နေသည်ဟု ထောက်ပြကြသည်။ "ဝန်ကြီးဌာနတစ်ခု ပေါ်ရင် မြို့နယ်၊ ရပ်ကျေး အုပ်ချုပ်ရေးတွေနဲ့ တိုင်ပင်ပြီး တကယ် လိုအပ်တဲ့ စစ်ရှောင်စာရင်းတွေ ကောက်၊ ဆန်းစစ်၊ ကူညီမယ့် အဖွဲ့တွေနဲ့ သေချာ ညှိနိုင်ရင် ပိုကောင်းလာမယ်" ဟု သူက ဆိုသည်။ လက်ရှိတွင် မကွေးဒေသတွင်းရှိ အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် လူသားချင်းစာနာမှု ဖိုရမ် ပြုလုပ်ရန် ပြင်ဆင်နေသည်။ ထိုဖိုရမ်က ဖြေရှင်းသင့်သည့် အရေးကြီးဆုံး အချက်မှာ "စစ်ရှောင် ပြည်သူတွေ နိုင်ငံတကာ အလှူငွေကို ပြည့်ပြည့်ဝဝ ရရှိအောင် ဘယ်လို ဆောင်ရွက်မလဲ" ဆိုသည့် မေးခွန်းဖြစ်သည်ဟု TNV က ယူဆသည်။ အကူအညီ လိုအပ်ချက်များ၏ ဒဏ်ကို အများဆုံး ခံစားနေရသူများမှာ ကိုယ်ဝန်ဆောင်များ၊ မသန်စွမ်းများနှင့် သက်ကြီးရွယ်အိုများ ဖြစ်သည်။ ကိုယ်ဝန်ဆောင်များအတွက် လစဉ် သောက်ဆေး၊ အားဆေးရရှိရေးနှင့် မွေးဖွားရန် နေရာ၊ ဆေးရုံဆေးခန်း ရှာဖွေရေးတို့က ခက်ခဲနေသည်။ မကွေးတိုင်းအတွင်း အချို့ဒေသများတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို တွေ့ကြုံခဲ့ရသည်ဟု စစ်ရှောင်ကူညီရေးဆောင်ရွက်နေသူတို့ကဆိုသည်။ အချို့နေရာများတွင် အမျိုးသမီးများကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံရသည့် ဖြစ်ရပ်များ ရှိခဲ့ပြီး စစ်ရှောင်ဘဝ ကြာရှည် ခက်ခဲလာသဖြင့် အမျိုးသမီးငယ် အချို့ လိင်လုပ်သားအဖြစ် ရောက်ရှိသွားသည်ကိုလည်း တွေ့ရကြောင်း ဒေသခံတွေက The Nation Voice ကိုပြောသည်။ ပြီးခဲ့သည့် ၅ နှစ်အတွင်း အဆိုပါဒေသများမှ စစ်ရှောင်ကလေးများသည် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍတို့တွင် လစ်ဟင်းမှုများကြုံတွေ့ခဲ့ကြရပြီး ကလေးငယ်အများစုမှာ ပညာရေးအခွင့်အလမ်း ဆုံးရှုံးရလျက်ရှိနေသည်။ လက်ရှိကာလ၌ ကလေးများ၏ ပညာရေးနှင့်ပတ်သက်၍ ယောဒေသ မြို့နယ်ပညာရေးအဖွဲ့က မည်သည့်ကျောင်းမဆို တက်ခွင့်ပြုသည်ဟု ကြေညာသော်လည်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကမူ အာဏာသိမ်းစစ်တပ် လက်အောက်ခံ ကျောင်းများတွင် တက်မည်ဆိုပါက တစ်ဦးလျှင် ငါးသိန်းနှုန်း ကောက်ခံနေသည်ဟု ဒေသခံများမှဆိုသည်။ မကွေးတိုင်းမှ စစ်ရှောင်အများစုသည် စားဝတ်နေရေးစိန်ခေါ်မှုများအပြင် ကျန်းမာရေး၊နှင့် ပညာသင်ကြားခွင့်ကိုပါဆုံးရှုံးနေရပြီး သက်ကြီးရွယ်အိုများအတွက် ပိုမိုခက်ခဲသည့် အခြေအနေတို့ကိုရင်ဆိုင်နေကြရသည်။ "ရွာထဲက အသက် ၉၀ ဝန်းကျင် အဘိုးကြီးတစ်ယောက် ရှိတယ်၊ စစ်ကြောင်း ထိုးဝင်လာလို့ ရွာသားတွေက အဘိုးကြီးကို ဝိုင်းထမ်းပြေးကြပေမယ့် အသက်အရွယ်ကြောင့် ပင်ပန်းလွန်းလို့ အဘိုးကြီးက "ငါ သေချင်သေပါစေ၊ နောက်တစ်ခါ စစ်ကြောင်းဝင်ရင် ရွာထဲမှာပဲ ထားခဲ့၊ တောထဲ မခေါ်ကြနဲ့တော့" လို့ တောင်းပန်တယ်။ နောက်ပြီး သားအဖ နှစ်ယောက် လက်နက်ကြီးထိပြီး အဖေက မျက်စိကန်း၊ သား သေဆုံးရတဲ့ ဖြစ်ရပ်တွေလည်းရှိသလို သားအဖနှစ်ယောက် လက်နက်ကြီးမှန်လို့ အဖေက ခြေထောက် ဖြတ်ခံရတဲ့ အဖြစ်တွေလည်းရှိတယ်” လို့ စစ်ဘေးရှောင်ကူညီသူတစ်ယောက်က သူကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကိုပြန်ပြောပြသည်။ သို့တိုင် စစ်ဘေးရှောင်ကူညီရေးအတွက် ဒေါ်လာ သန်းနှင့်ချီ ဝင်ရောက်နေသော်လည်း အမှန်တကယ် လိုအပ်နေသူများဆီ မရောက်သေးသည့် လစ်ဟာချက်များနှင့် မကွေးဒေသမှ စစ်ရှောင်များသည် စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ရလျက်ရှိနေသည်။ The Nation Voice Journal ကို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ ပုံနှိပ်ထုတ်ဝေဖြန့်ချိနေပါပြီ။ သတင်းနဲ့ ဆောင်းပါးတွေဖတ်ဖို့ အခုပဲ အခမဲ့ Download ရယူလိုက်ပါ . . https://www.mediafire.com/file/pyyr5yl4qqghzhd/The+Nation+Voice+2.20.pdf/file သတင်းတွေသိရဖို့ မျှဝေပေးပါ . . . The Nation Voice ကို အစဉ်တစိုက် အားပေးနေကြတဲ့ စာဖတ်ပရိသတ်တစ်ဦးချင်းစီကို အထူးကျေးဇူးတင်ရှိပါတယ်။
Open in Telegramလိုအပ်သူတွေဆီ ရောက်မလာသေးသည့် ဒေါ်လာ ၁၀ သန်း The Nation Voice Journal အတွဲ ၂၊ စာစဉ် ၂၀ The Nation Voice ရေးသားသည်။ မကွေးတိုင်းထဲက စစ်ဘေးရှောင်အများစုရှိနေတဲ့ ဂန့်ဂေါ၊ ပေါက်နှင့် မြိုင်ဒေသတွင်းရှိ စစ်ဘေးရှောင်များအတွက် နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီအဖြစ် အရပ်ဘက် အဖွဲ့အစည်း (CSO) များမှတစ်ဆင့် ၂၀၂၆ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် ဝင်ရောက်ခဲ့ကြောင်း The Nation Voice က စုံစမ်းသိရှိရသည်။ သို့သော် မြေပြင်တွင်မူ ပြီးခဲ့သည့် သုံးနှစ်မှ ငါးနှစ်တိုင် နေရပ်စွန့်ခွာနေရသည့် စစ်ရှောင် အများအပြားက ထိုအကူအညီကို တစ်ကြိမ်မျှ မရရှိသေးဟု ဆိုကြသည်။ ကုလသမဂ္ဂ လူသားချင်းစာနာမှု ညှိနှိုင်းရေးရုံး (OCHA) ၏ ၂၀၂၆ ခုနှစ် ဇူလိုင်လ အစီရင်ခံချက်နှင့် လက်ရှိ မြန်မာနိုင်ငံ၏ လူဦးရေ ၅၅ ဒသမ ၃ သန်းအပေါ် အခြေခံ၍ တွက်ချက်မှုများအရ နိုင်ငံလူဦးရေ၏ ၃၀ ရာခိုင်နှုန်းနီးပါး (လူဦးရေ ၁၆ ဒသမ ၂ သန်း) သည် အငတ်ဘေးအပါအဝင် စားနပ်ရိက္ခာနှင့် အခြားသော အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်နေသည့် အခြေအနေတွင် ရှိနေပါသည်။ ၅ ယောက်အချိုးဖြင့် တွက်ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံသား ၅ ယောက်တွင် ၁ ယောက်ခွဲခန့် ရှိပြီး ပျမ်းမျှအားဖြင့် ၁ ယောက်မှ ၂ ယောက်ကြား သည် အငတ်ဘေးနှင့် လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေသည့် သဘောပင် ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံလူဦးရေ၏ ၆ ဒသမ ၈ ရာခိုင်နှုန်းခန့် (လူဦးရေ ၃ ဒသမ ၈ သန်းခန့်) မှာ စစ်ဘေးကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်။ အထူးသဖြင့် အနောက်မြောက်ဒေသဖြစ်သော စစ်ကိုင်း၊ မကွေးနှင့် ချင်း ဒေသ တစ်ခုတည်းတွင်ပင် စစ်ရှောင် ၁ ဒသမ ၈ သန်းကျော် ရှိနေကာ၊ မကွေးတိုင်းအတွင်းရှိ မြိုင်၊ ပခုက္ကူ၊ ပေါက်နှင့် ဆောမြို့နယ်တို့တွင် ၂၀၂၆ မေလ အလယ်ပိုင်းကတည်းက ပြည်သူ တစ်သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။ သို့သော်လည်း ဤကဲ့သို့ အကူအညီလိုအပ်သူ အရေအတွက် အလွန်များပြားနေသော်လည်း ၂၀၂၆ ခုနှစ်အတွက် လိုအပ်သည့် လူသားချင်းစာနာမှု ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈၉၀ သန်းအနက် ထက်ဝက်ကျော်ဖြစ်သော ၅၇ ရာခိုင်နှုန်းခန့်မှာ ယခုအချိန်ထိ မရရှိသေးဘဲ လိုငွေပြလျက်ရှိနေပါသည်။ ဤသို့ နိုင်ငံတကာ အကူအညီ ကိုယ်တိုင်က အလိုအပ်ဆုံးအချိန်တွင် လုံလောက်မှု ရှိမနေသည့် အချိန်၌ပင် ဝင်ရောက်လာသည့် အကူအညီအနည်းငယ်ကပင် တကယ့် စစ်ရှောင်များထံ ပြည့်ဝစွာ မရောက်ရှိသည့် အခြေအနေကိုရင်ဆိုင် ကြုံတွေ့နေရသည်။ "စစ်ရှောင်တွေကို ကူညီနေတာ သုံးနှစ်ကနေ ငါးနှစ်အထိ ရှိပြီ။ ဒါပေမယ့် အကူအညီတစ်ကြိမ်မှ မရသေးတဲ့ နေရာတွေ ရှိနေပါသေးတယ်" ဟု မကွေးတိုင်းအတွင်း စစ်ရှောင်များကို ၂၀၂၁ ခုနှစ်ကတည်းက ကူညီနေသည့် လုံခြုံရေးအတွက် အမည်မဖော်လိုသူ အမျိုးသားတစ်ဦး က TNV ကို ပြောသည်။ သူသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဧပြီလဆန်းပိုင်းက ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များ ပေါ်ပေါက်လာချိန်ကစ၍ ဒီအလုပ်ကို စခဲ့သည်။ "တော်လှန်ရေးတပ်ဖွဲ့တွေ ပေါ်ပေါက်လာတဲ့အချိန်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တယ်။ အဲဒီအတွက် တိုက်ပွဲတွေ ဖြစ်တယ်။ ပြည်သူတွေက ဘေးလွတ်ရာကို အရေးပေါ် ထွက်ပြေးရတော့ စားစရာ၊ အမိုးအကာ ယူမလာနိုင်ကြဘူး" ဟု ထိုစဉ်က အခြေအနေကို သူက ပြန်ပြောပြသည်။ ထိုအချိန် နီးစပ်ရာ မိတ်ဆွေများဆီ အကူအညီတောင်းပြီး စတင် ကူညီခဲ့ရာမှ ယနေ့တိုင် ဆက်လက် ကူညီနေခြင်း ဖြစ်သည်။ စတင်ချိန်က သူတစ်ဦးတည်း ဖြစ်သည်။ သူငယ်ချင်း၊ မိတ်ဆွေများဆီ အလှူခံပြီး လိုအပ်နေသည့် နေရာများဆီ ရောက်အောင်ပို့ရာမှ စိတ်တူကိုယ်တူ လူငယ်များ ပါဝင်လာကာ အဖွဲ့ငယ်တစ်ခု ဖြစ်လာသည်။ အခုအခါ သူတို့အဖွဲ့သည် ဒေသတစ်ခုအတွင်း စစ်ရှောင်စခန်းများကို ဆန်၊ စားသောက်ကုန်နှင့် ဆေးဝါး ထောက်ပံ့ပေးနေသည့်အပြင် စစ်ရှောင်ကျောင်းများအတွက် ကျောင်းဝတ်စုံ၊ သင်ကြားရေး ကရိယာ၊ ဆိုလာပြားနှင့် ဘက်ထရီ မီးလင်းရေး၊ ရေရှားသည့် စခန်းများတွင် ရေတွင်းတူး၍ ရေစုပ်စက် တပ်ဆင်ပေးခြင်းများ လုပ်ဆောင်နေသည်။ ကျောင်းဆောင် ငါးခုကိုလည်း သူတို့အဖွဲ့က တည်ဆောက်ပေးခဲ့သည်။ "အရမ်းကြီးတဲ့ အဖွဲ့ မဟုတ်ပေမယ့် ဒေသတွင်းမှာ အသင့်အတင့် ကူညီနိုင်တဲ့ အဖွဲ့တစ်ခုအနေနဲ့ ရပ်တည်နေပါတယ်" ဟု သူက ဆိုသည်။ မကွေးဒေသအတွင်းက စစ်ဘေးရှောင်တွေအတွက် အဓိက ပြဿနာမှာ ကူညီရေး အဖွဲ့များအကြား ညှိနှိုင်းမှု အားနည်းနေခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ "တချို့နေရာတွေက ထပ်ခါထပ်ခါ ရတယ်။ တချို့နေရာတွေက တစ်ခါမှ မရသေးဘူး။ တကယ် လိုအပ်နေတဲ့ နေရာတွေ အခုချိန်ထိ မရောက်သေးတာတွေ တွေ့ရတယ်" ဟု မကွေးဒေသကစစ်ရှောင်တွေကို ကူညီနေသည့် အခြားဒေသခံတစ်ဦးက ထောက်ပြသည်။ ထိုကွက်လပ်၏ နောက်ကွယ်တွင် ပိုမို ကြီးမားသည့် မေးခွန်းက ရှိနေပါသည်။ "နိုင်ငံတကာက ပေးတဲ့ အလှူငွေတွေ စစ်ရှောင်တွေဆီ တကယ် ပြည့်ပြည့်ဝဝ မရောက်ကြဘူး။ ကြားထဲက ဖြတ်ယူနေတဲ့ နေရာတွေ ရှိတယ်" ဟု သူက ဆိုသည်။ ဒေသတွင်းသို့ ဝင်ရောက်ခဲ့သည့် ဒေါ်လာ ၁၀ သန်းကျော်ကို ကိုင်တွယ် ဆောင်ရွက်ခဲ့သည့် အရပ်ဘက် အဖွဲ့အစည်း လေးဖွဲ့၏ အမည်များကို TNV သိရှိထားသော်လည်း ထိုအဖွဲ့များ၏ လုံခြုံရေးအတွက် ဤဆောင်းပါးတွင် ထည့်သွင်း ဖော်ပြထားခြင်း မရှိပါ။
Open in TelegramThe Nation Voice Journal အတွဲ (၂)၊ စာစဉ် (၂၀)ထွက်ပါပြီ ============================ * အချိန်အခါမဲ့မိုးကြောင့် မုံရွာနယ်က ကြက်သွန်နီစိုက်ခင်းတွေ ထိခိုက် * လိုအပ်သူတွေဆီ ရောက်မလာသေးသည့် ဒေါ်လာ ၁၀သန်း * ယောနယ်က စံပြစစ်ရှောင် * စားဝတ်နေရေးကိုပါ ခြိမ်းခြောက်လာတဲ့ ထင်းရှားပါးမှု * ကိန်းဂဏန်းများက ပြသသည့် မကွေးဒေသတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ * မဟာဗျူဟာကျတဲ့ အညာဒေသနဲ့ တော်လှန်ရေးအလားအလာ * နိုင်ငံတကာ အသိအမှတ်ပြုမှုထက် ပြည်သူလူထုယုံကြည်မှု * နိုင်ငံရေးအမြော်အမြင် (အယ်ဒီတာအာဘော်) * အယ်ဒီတာထံပေးစာ * ရာသီအကူးအပြောင်းမှာ တုပ်ကွေးမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ (ပြည်သူ့ဝန်ဆောင်မှု) * ဓာတ်ပုံဆရာကြီး တိုးတိုး (ကလေးကဏ္ဍ) The Nation Voice Journal ကို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ ပုံနှိပ်ထုတ်ဝေဖြန့်ချိနေပါပြီ။ သတင်းနဲ့ ဆောင်းပါးတွေဖတ်ဖို့ အခုပဲ အခမဲ့ Download ရယူလိုက်ပါ . . https://www.mediafire.com/file/pyyr5yl4qqghzhd/The+Nation+Voice+2.20.pdf/file သတင်းတွေသိရဖို့ မျှဝေပေးပါ . . . The Nation Voice ကို အစဉ်တစိုက် အားပေးနေကြတဲ့ စာဖတ်ပရိသတ်တစ်ဦးချင်းစီကို အထူးကျေးဇူးတင်ရှိပါတယ်။
Open in Telegramဝန်းသိုနဲ့ ထီးချိုင့်မြို့နယ် ဘက်ကို စစ်ကြောင်းထိုးနေတဲ့ တပ်မ ၃၃ဆီက လက်နက်ခဲယမ်းသိမ်းဆည်းရမိ
Open in TelegramMyanmar Peace Monitor ရဲ့ အောက်တိုဘာ ၁၆ ရက် ထုတ်ပြန်ချက်အရ ၂၀၂၁ အာဏာသိမ်းပြီးအချိန်ကစလို့ ၂၀၂၆ ဇူလိုင်အထိ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃,၀၅၉ ဦး သေဆုံးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေရဲ့ ၇၀ ရာခိုင်နှုန်းခန့်က လူနေကျေးရွာနဲ့ အရပ်ဘက်နေရာတွေကို ဦးတည်ခဲ့တယ်လို့ ဆိုပါတယ်။ မန္တလေးတိုင်းမှာလည်း ချောင်းဦး၊ သပိတ်ကျင်း၊ စဉ့်ကူး၊ ငဇွန်နဲ့ တောင်သာ မြို့နယ်တွေမှာ လေကြောင်းနဲ့လက်နက်ကြီး တိုက်ခိုက်မှုတွေ ရှိခဲ့ပေမယ့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့နဲ့ နှိုင်းယှဉ်ရင် ဖြစ်ပွားမှု နည်းတယ်လို့ စောင့်ကြည့်ရေးအဖွဲ့တွေရဲ့ ယခင် ကိန်းဂဏန်းတွေက ညွှန်ပြနေပါတယ်။ အာဏာသိမ်းစစ်တပ်ဘက်ကတော့ သူတို့ရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ဘက် ပစ်မှတ်တွေကိုသာ ဦးတည်တယ်လို့ အစဉ်တစိုက် ပြောဆိုလေ့ရှိပြီး အရပ်သား ထိခိုက်မှု စွပ်စွဲချက်တွေကို ငြင်းဆိုလေ့ရှိပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂ၊ လွတ်လပ်တဲ့ စောင့်ကြည့်ရေးအဖွဲ့တွေနဲ့ ကွင်းဆင်း သတင်းရင်းမြစ်တွေရဲ့ မှတ်တမ်းတွေက လူနေကျေးရွာ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ စစ်ဘေးရှောင်စခန်းတွေကို ထပ်ခါတလဲလဲ ပစ်ခတ်ခံနေရကြောင်း ပြသနေပါတယ်။ ကယ်ဆယ်ရေး လုပ်နေချိန် ဒုတိယအကြိမ် ပြန်တိုက်တာမျိုးနဲ့ တိုက်ပွဲ မရှိတဲ့ ကျေးရွာတွေကို တိုက်ခိုက်ခြင်းတို့ဟာ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ (IHL) အရ လေးနက်တဲ့ မေးခွန်းတွေ ထုတ်စရာ ဖြစ်နေပါတယ်။ The Nation Voice Journal ကို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ ပုံနှိပ်ထုတ်ဝေဖြန့်ချိနေပါပြီ။ သတင်းနဲ့ ဆောင်းပါးတွေဖတ်ဖို့ အခုပဲ အခမဲ့ Download ရယူလိုက်ပါ . . https://www.mediafire.com/file/0ajhxjb0wlbuyd1/The+Nation+Voice+2.19.pdf/file သတင်းတွေသိရဖို့ မျှဝေပေးပါ . . . The Nation Voice ကို အစဉ်တစိုက် အားပေးနေကြတဲ့ စာဖတ်ပရိသတ်တစ်ဦးချင်းစီကို အထူးကျေးဇူးတင်ရှိပါတယ်။
Open in Telegramအာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ဘာသာရေးနဲ့ ပညာရေး နေရာတွေလည်း ပါဝင်နေပါတယ်။ အောက်တိုဘာ ၂၀ ရက်က မကွေးတိုင်း ဆိပ်ဖြူမြို့နယ် အနောက်ကံတွင်းရွာ ဘုန်းကြီးကျောင်းထဲကို ဒရုန်းနဲ့ ဗုံး ၃ လုံး ချခဲ့ပြီး ကျောင်းဆောင် ပျက်စီးခဲ့ပါတယ်။ အဲဒီ မြို့နယ်ထဲကို ဝင်ရောက်လာတဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဟာ အောက်တိုဘာ ၁၆ ရက်က ရေပုတ်ရွာ စာသင်ကျောင်းကိုလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ စစ်ကိုင်းတိုင်းမှာလည်း အောက်တိုဘာ ၁၁ ရက်က ရွှေဘိုမြို့နယ် စိတ္တကုန်းရွာ မဟာစည် တရားရိပ်သာကျောင်းကို ဝါတွင်းကာလအတွင်း လေကြောင်းကဗုံးကြဲခဲ့လို့ ခိုလှုံနေတဲ့ စစ်ရှောင် ၂ ဦး သေဆုံးခဲ့ရပါတယ်။ တစ်လတည်းမှာ ဘာသာရေးနေရာ အနည်းဆုံး နှစ်ခု ပစ်မှတ်ထားခံရတာဟာ သီးခြား ဖြစ်ရပ်တွေ မဟုတ်ပါဘူး။ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ရဲ့ စက်တင်ဘာလ မှတ်တမ်းအရ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုတွေမှာ ဘာသာရေးနဲ့ဆိုင်တဲ့နေရာတွေကို ၁၂ ကြိမ်၊ ပညာရေးနဲ့ဆိုင်တဲ့နေရာတွေကို ၁၄ ကြိမ်နဲ့ စစ်ဘေးရှောင်နေရာတွေကို ၁၀ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ MDSI ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လတည်းမှာ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ် ၁၇၅ ခု၊ တိုက်ခိုက်မှု အကြိမ်ရေ ၆၅၀ ရှိခဲ့ပြီး အရင်လကထက် သိသိသာသာ မြင့်တက်ခဲ့ပါတယ်။ မကွေးတိုင်းမှာ တိုက်ခိုက်မှု ၃၈ ကြိမ်တိုက်ခိုက်ခံခဲ့ရပြီး အရပ်သား၂၂ ဦး သေဆုံးခဲ့ကာ ၃၉ ဦး ဒဏ်ရာရခဲ့ပါတယ်။ စစ်ကိုင်းတိုင်းမှာ တိုက်ခိုက်မှု ၅၄ ကြိမ်နဲ့ အရပ်သား ၁၀၁ ဦး ထိခိုက်ကာ ၄၁ ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီထဲက ၆၀ ဦး ဒဏ်ရာ ရခဲ့တယ်လို့ MDSI က ဖော်ပြထားပါတယ်။ မကွေး၊ စစ်ကိုင်း၊ ရခိုင်နဲ့ ကရင်နီ ဒေသ ၄ ခုက ထိခိုက်သေဆုံးမှု ၃၅၉ ဦးဟာ တစ်နိုင်ငံလုံး အရပ်သား ထိခိုက်မှုရဲ့ ၈၇ ရာခိုင်နှုန်း ဖြစ်တယ်လို့ အဖွဲ့က ဆိုပါတယ်။ တိုက်ခိုက်မှု ၆၅၀ ကြိမ်အနက် စစ်ဘက်ပစ်မှတ်ကို ၃၃၀ ကြိမ် တိုက်ခိုက်ခဲ့ပြီး ကျန်တဲ့ ထက်ဝက်နီးပါးဖြစ်တဲ့ အကြိမ်ရေ ၃၂၀ က လူနေကျေးရွာ၊ အရပ်ဘက်နေရာ၊ ပညာရေး၊ ဘာသာရေးနဲ့ စစ်ဘေးရှောင်နေရာ စတဲ့ အရပ်ဘက် ပစ်မှတ်တွေ ဖြစ်နေပါတယ်။ ဘုတလင် ဖြစ်စဉ်မှာ သေဆုံးသူ ၆ ဦးစလုံး အမျိုးသမီးတွေ ဖြစ်တာဟာ ဒီ ပဋိပက္ခက အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပေါ် သီးသန့် သက်ရောက်နေတဲ့ ပုံစံကို ပိုပြီးထင်ဟပ်စေခဲ့ပါတယ်။ ကမ္မ၊ မင်းတုန်း စတဲ့ ဖြစ်စဉ်တွေမှာလည်း ကလေးသူငယ်တွေ သေဆုံးခဲ့ရပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး (OHCHR) ရဲ့ မှတ်တမ်းအရ ရွေးကောက်ပွဲ လုပ်ငန်းစဉ် ကာလဖြစ်တဲ့ ၂၀၂၅ သြဂုတ်ကနေ ၂၀၂၆ ဇန်နဝါရီအတွင်း အရပ်သား ၇၀၂ ဦး သေဆုံးခဲ့ကာ အမျိုးသမီး ၂၂၄ ဦးနဲ့ ကလေးငယ် ၁၅၃ ဦး ပါဝင်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုက အရပ်သား ထိခိုက်မှုရဲ့ အဓိက အကြောင်းရင်း ဖြစ်နေပြီး စစ်ကိုင်းတိုင်းက အသေအပျောက် အများဆုံးဖြစ်ကာ သေဆုံးသူ ၁၉၁ ဦးအထိရှိခဲ့ပါတယ်။ Myanmar Witness ကလည်း ၂၀၂၅ စက်တင်ဘာကနေ ၂၀၂၆ ဧပြီအတွင်း ကလေး ၈၅ ဦး သေဆုံးခဲ့ပြီး ၆၃ ရာခိုင်နှုန်းကျော်က လေကြောင်းဗုံးကြဲမှုကြောင့်လို့ ဖော်ပြထားပါတယ်။ ဒီကာလ ဖြစ်စဉ်တွေမှာ ထူးခြားတာက ဂျိုင်ရိုကော်ပတာ၊ ပါရာမော်တာနဲ့ အသေခံ ဒရုန်း သုံးစွဲမှု မြင့်တက်လာတာ ဖြစ်ပါတယ်။ ဘုတလင်နဲ့ ကမ္မ ဖြစ်စဉ်တွေမှာ ဂျိုင်ရိုကော်ပတာ၊ မင်းတုန်း ဖြစ်စဉ်တွေမှာ ပါရာမော်တာတွေ အသုံးပြုခဲ့ပြီး ဒီနည်းပညာတွေက ဈေးသက်သာတဲ့အပြင် လေဆိပ် မလိုဘဲ ကျေးလက်ဒေသ အနှံ့ ပျံတက် တိုက်ခိုက်နိုင်တာကြောင့် အရပ်သားတွေအတွက် အန္တရာယ် ပိုကြီးစေခဲ့ခြင်းဖြစ်ပါတယ်။ Fortify Rights ကလည်း အာဏာသိမ်းစစ်တပ်ဟာ ပါရာမော်တာနဲ့ ဂျိုင်ရိုကော်ပတာတွေကို အရပ်သားတိုက်ခိုက်မှုတွေမှာ ပိုမို အသုံးပြုလာတယ်လို့ ထောက်ပြထား ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဂျက်တိုက်လေယာဉ်တွေကိုလည်း ဆက်လက် သုံးနေဆဲ ဖြစ်ပြီး MDSIရဲ့ စာရင်းတွေ အရ စက်တင်ဘာလမှာ ဂျက်လေယာဉ် ပါဝင်တဲ့ တိုက်ခိုက်မှု ၅၇၄ ကြိမ် ရှိခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေမှာ FTC-2000G အမျိုးအစားကို အများဆုံး သုံးပြီး K-8၊ Yak-130၊ A-5 တို့ကိုလည်း သုံးခဲ့ပါတယ်။ လေကြောင်းစစ်ဆင်ရေး အရှိန်မြင့်လာတာနဲ့အတူ Amnesty International နဲ့ Justice For Myanmar တို့က ၂၀၂၅ မှာ လေယာဉ်ဆီ တင်သွင်းမှု ၁၀၉,၆၀၀ ကီလိုလီတာကျော် ရှိခဲ့ပြီး ၂၀၂၄ ထက် ၆၉ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ ဖော်ပြထားပါတယ်။ လေကြောင်းတိုက်ခိုက်မှု အရှိန်မြင့်လာတာဟာ မြေပြင် စစ်ရေးအခြေအနေနဲ့ ဆက်စပ်နေပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ မကွေးနဲ့ စစ်ကိုင်းတိုင်းအတွင်း မြေပြင် စစ်ကြောင်းတွေ ထိုးနေပြီး ရေနံမြေနဲ့ ရွှေလုပ်ကွက်တွေ ရှိရာ ဒေသတွေဆီ ဦးတည် ရွေ့လျားနေတာကို The Nation Voice က ဒီလအတွင်း မှတ်တမ်းတင်ထားပါတယ်။ မြေပြင်မှာ နယ်မြေ ထိန်းချုပ်ဖို့ ခက်ခဲလာတာနဲ့အမျှ လေကြောင်းပစ်ကူကို ပိုမို အားကိုးလာတာကို စစ်ရေးသုံးသပ်သူတွေက ထောက်ပြကြပါတယ်။ မြေပြင်စစ်ကြောင်းနဲ့ လေကြောင်းတိုက်ခိုက်မှုကို တစ်ပြိုင်နက် ပေါင်းစပ် လုပ်ဆောင်လာတဲ့ ပုံစံကိုလည်း တွေ့နေရပါတယ်။
Open in Telegramအရပ်သားတွေပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုများ (data feature) The Nation Voice Journal အတွဲ ၂၊ စာစဉ် ၁၉ The Nation Voice ရေးသားသည်။ အောက်တိုဘာ ၂၀ ရက် နေ့လယ်ပိုင်းမှာ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကွမ်းခြံကျေးရွာအပေါ် ဂျိုင်ရိုကော်ပတာတစ်စီး ဝဲပျံလာပြီး ဗုံးကြဲခဲ့တဲ့အတွက် အမျိုးသမီး ၆ ဦး နေရာမှာတင် သေဆုံးခဲ့ရပါတယ်။ နောက်ထပ် အမျိုးသမီး တစ်ဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့ပါတယ်။ တကယ်တော့ အဲဒီ ကျေးရွာမှာ အဲဒီအချိန်က တိုက်ပွဲ ဖြစ်ပွားနေတာ မရှိခဲ့ပါဘူး။ ဒါဟာ မကွေး၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းတွေ အပါအဝင် မြန်မာအလယ်ပိုင်း အညာဒေသမှာ ဒီလပိုင်း ပိုမို ပြင်းထန်လာနေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေထဲက ဖြစ်စဉ်တစ်ခုပါ။ အာဏာသိမ်းစစ်တပ်ဟာ ဒီလပိုင်းတွေအတွင်း လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လာပြီး ထိခိုက်သေဆုံးသူ အများစုက တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ အရပ်သားတွေ ဖြစ်နေပါတယ်။ The Nation Voice စုဆောင်းထားတဲ့ မှတ်တမ်းတွေအရ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်အတွင်း မကွေးနဲ့ စစ်ကိုင်းတိုင်း နှစ်ခုတည်းမှာ လေကြောင်းက တိုက်ခိုက်မှု ဖြစ်စဉ် ၈ ခုကျော် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး အရပ်သား ၂၀ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီထဲမှာ ကလေးသူငယ် ၅ ဦးနဲ့ အမျိုးသမီး ၆ ဦး ပါဝင်ပါတယ်။ ဒီ ကိန်းဂဏန်းတွေဟာ ဒေသတွင်းတော်လှန်ရေးဘက် သတင်းအရင်းမြစ်တွေရဲ့ ထုတ်ပြန်ချက်တွေကို TNVက စုစည်းထားတာ ဖြစ်ပြီး အသေအပျောက် အတိအကျကို သီးခြား အတည်ပြုဆဲ ဖြစ်ပါတယ်။ မကြာသေးလှတဲ့ အောက်တိုဘာ ၁၆ရက် နေ့လယ်ပိုင်းမှာ မကွေးတိုင်း၊ ရေစကြိုမြို့နယ်မြောက်ပိုင်းက သစ်ကြီးတောနဲ့ သစ်ကောက်ဆိပ်ရွာဝန်းကျင်ကို စစ်တပ်က ဂျက်ဖိုက်တာ၊ ရဟတ်ယာဉ်တွေနဲ့ ဒရုန်းတွေအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးတွေနဲ့ အမျိုးသမီးတွေအပါအဝင် အနည်းဆုံး ရွာခံ ၁၅ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကဆိုပါတယ်။ သေဆုံးစာရင်းဟာ အခုထက်ပိုမိုများနိုင်ပြီး တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားနေထိုင်ရာ ကျေးရွာတွေကို ရည်ရွယ်တိုက်ခိုက်တာလို့လည်း ဒေသတွင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီ ထိခိုက်သေဆုံးမှု ကိန်းဂဏန်းကို TNV အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။ အောက်တိုဘာ ၁၈ ရက်နေ့က မကွေးတိုင်း ပခုက္ကူခရိုင် ကမ္မမြို့အနီး အုန်းတောကျေးရွာကို ညောင်ဦး လေဆိပ်ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် တစ်ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ပထမ တိုက်ခိုက်မှုမှာ ထိခိုက်သူတွေကို ရွာခံတွေ ကယ်ထုတ်နေချိန်မှာ အသေခံ ဒရုန်းတစ်စီးနဲ့ ဒုတိယအကြိမ် ထပ်တိုက်ခဲ့သေးတယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေး လုပ်နေချိန် ဒုတိယအကြိမ် ပြန်တိုက်တဲ့ "double-tap" နည်းဗျူဟာဟာ ကူညီ ကယ်ဆယ်သူတွေကိုပါ ပစ်မှတ်ထားတဲ့ သဘောဖြစ်ပြီး နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေအရ အလေးအနက် စိုးရိမ်စရာ ဖြစ်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်သူတွေက ထောက်ပြလေ့ရှိပါတယ်။ တိုက်ခိုက်မှုတွေက မကွေးတိုင်းအနောက်ပိုင်းနဲ့ ပခုက္ကူခရိုင်မှာ ပိုမို ထူထပ်နေပါတယ်။ မင်းတုန်းမြို့နယ် ဇွန်းကျကျေးရွာကို စက်တင်ဘာ ၁၃ ရက်က ပါရာမော်တာ ၃ စီးနဲ့ ဗုံးကြဲရာမှာ ကလေး ၃ ဦးအပါအဝင် ၆ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့သလို အောက်တိုဘာ ၈ ရက်က ချင်းနစ်ကျေးရွာကို ပါရာမော်တာ ၃ စီးနဲ့ တိုက်ခိုက်ခဲ့လို့ အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးနဲ့ အသက် ၈၃ နှစ်အရွယ် အဘိုးတစ်ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင်နွား ၇ ကောင် သေဆုံးခဲ့ပြီး ဆေးခန်းနဲ့ နေအိမ်တွေ ပျက်စီးခဲ့ပါတယ်။ အောက်တိုဘာ ၁၂ရက် မနက် ၁၁နာရီ ၅၉မိနစ်နဲ့ ၁၂နာရီ ၄မိနစ်တို့ကလည်း သရက်ကပစ ၁၂က တက်လာတဲ့ ပါရာမော်တာနှစ်စင်းနဲ့ မင်းတုန်းမြို့နယ် မဲဇလီရွာထဲမှာ ဗုံးသီး ရှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အသက် ၄၀အရွယ် ကိုစည်သူသေဆုံးခဲ့ပြီး နေအိမ်နှစ်လုံးပျက်စီးခဲ့ရတယ်လို့ သရက်ခရိုင်အမှတ်၄တပ်ရင်းရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဒါ့အပြင်အောက်တိုဘာ ၂၂ရက် ညနေ ၅နာရီလောက်မှာ ပါရာမော်တာ သုံးစင်းနဲ့ မင်းတုန်းမြို့နယ် ရွာသစ်ရွာနဲ့ ငှက်ပျင်းရွာအကြားကို ဗုံးသီး ကိုးလုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကြို့ဝရွာခံ အသက် ၂၅နှစ်အရွယ် မောင်ဖိုးလမင်းသေဆုံးခဲ့ပြီး ကြို့ဝရွာခံတွေဖြစ်တဲ့ အသက် ၆၂နှစ်အရွယ် ဦးကြည်ဝင်းနဲ့ အသက် ၄၇နှစ်အရွယ် ဦးအောင်မြိုင်တို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။ စစ်ကိုင်းတိုင်းဘက်မှာလည်း အောက်တိုဘာ ၁၆ ရက်က မြောင်မြို့နယ် မကျည်းကန်ကျေးရွာကို ဂျက်တိုက်လေယာဉ် ၂ စီးက ၅၀၀ ပေါင်ချိန် ဗုံးသီး ၄ လုံး ချပြီး အသေခံ ဒရုန်းနဲ့ ထပ်တိုက်ခဲ့တာကြောင့် အရပ်သား တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
Open in Telegramမကွေးတိုင်း ပခုက္ကူမြို့နယ်ထဲက မြစ်ခြေမြို့နဲ့ အနီးတဝိုက်မှာတင် ရွာ ၁၀ ရွာထက်မနည်း စစ်ဘေးရှောင်နေရပြီး ပြင်ပအဖွဲ့အစည်းတွေက လာရောက် ကူညီထောက်ပံ့ပေးကြပေမယ့် ရက်ကြာလာတာနဲ့အမျှ မလုံလောက်တော့ဘူးလို့ ပခုက္ကူမြို့နယ် နယ်မြေ ၁ (မြစ်ခြေ) ရဲ့ လူသားစာနာတာဝန်ခံက The Nation Voice ကို ပြောပါတယ်။ အဲဒီ စစ်ဘေးရှောင်တွေဟာ တောတောင်တွေထဲမှာ စောင်၊ ပုဆိုးတို့နဲ့ အမိုးအကာလုပ်ပြီး နေထိုင်ကြရတာကြောင့် အမိုးအကာနဲ့ စားနပ်ရိက္ခာ လိုအပ်နေပြီး ရာသီဥတု မမှန်တဲ့အတွက် ရာသီ တုပ်ကွေးတွေ အဖြစ်များနေလို့ ကျန်းမာရေးကိုလည်း အဆင်ပြေတဲ့ နည်းနဲ့ ကြည့်ရှုစောင့်ရှောက်နေရတယ်လို့ ဆိုပါတယ်။ မြစ်ခြေဒေသမှာ အခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ရှိနေတာကြောင့် ဗုံးခိုကျင်းတွေ တူးဖို့ အသိပေးထားပြီး နယ်မြေတာဝန်ခံတွေနဲ့ သတင်းအချက်အလက် ချိတ်ဆက်ထားကြဖို့ကိုလည်း နှိုးဆော်ထားတယ်လို့ သိရပါတယ်။ မကွေးတိုင်း စေတုတ္တရာမြို့နယ်မှာတော့ စစ်ဘေးရှောင် တစ်ထောင်ဝန်းကျင် ရှိပြီး တဝက်ခန့်က ကန်ပက်လက်မြို့နယ်နဲ့ ထိစပ်နေတဲ့ စေတုတ္တရာမြို့နယ်ရဲ့မြောက်ပိုင်းမှာ ဖြစ်ကာ ကျန်တဝက်က မြို့နယ်ရဲ့ တောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်းမှာ ရှိတယ်လို့ စေတုတ္တရာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးက The Nation Voice ကို ပြောပါတယ်။ မြောက်ပိုင်းက စစ်ရှောင်တွေ တောထဲမှာ နေကြပြီး တောင်ပိုင်းကတော့ တောတဲတိုက်တွေမှာ ယာလုပ်ရင်း၊ ရေစပ်တွေမှာ ငါးဖမ်းရင်း နေကြတယ်လို့ ဆိုပါတယ်။ အဓိက လိုအပ်ချက်က ရိက္ခာနဲ့ ဆေးဝါးဖြစ်ပြီး အမိုးအကာကတော့ တောသစ်တောဝါး ပေါတာကြောင့် အဆင်ပြေတယ်လို့ ဆိုပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုကို လက်ရှိ ကျန်းမာရေး CDM ဝန်ထမ်းတွေနဲ့ ဗော်လန်တီယာတွေက ဖြည့်ဆည်းပေးနေရတယ်လို့ သူက ဆိုပါတယ်။ "ဆေးဝါးကုသမှုကို ပကဖ၊ တပ်ရင်းတပ်ဖွဲ့တွေက ထောက်ပံ့တဲ့ ဟာတွေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထောက်သင့်သလောက် အနည်းအကျဉ်း ထုတ်ပေးတဲ့ ဆေးဝါးတွေ၊ ဒါမှမဟုတ် လှူလို့ရတဲ့ ဆေးဝါးတွေနဲ့ ပြည်သူတွေကို လှည့်ပတ်နေရတာ ခက်တယ်ပေါ့လေ" လို့ ဆိုပါတယ်။ ဒေသတွင်း ကုသလို့မရရင် ဆေးရုံ သွားရမယ့်အခါ အရင်က ဆောမှာရှိတဲ့ တော်လှန်ရေးဘက် အဖွဲ့အစည်းတွေဆီ သွားကုနိုင်ခဲ့ပေမယ့် အခု ဆောမှာ စစ်ကြောင်းရှိနေတာကြောင့် အာဏာသိမ်းစစ်တပ်ရဲ့ နယ်မြေကိုသွားလို့ရသူတွေပဲ ဆေးရုံ သွားနိုင်ပြီး မရတဲ့သူတွေ အတော် ခက်ခဲနေတယ်လို့ ဆိုပါတယ်။ အယ်နီညိုအတွက် ပြည်သူတွေကို သီးနှံ စောစော စိုက်ပြီး စောစော ရိတ်သိမ်းဖို့၊ အပူချိန် မြင့်ချိန် သွားလာမှု ဆင်ခြင်ဖို့ အသိပေးထားပေမယ့် စစ်ရေးဖိအားကြောင့် အဲဒီ ကြိုတင်ပြင်ဆင်မှုတွေက အကောင်အထည်ဖော်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ "အခုဆိုရင် ဆောကို စစ်ကြောင်းထိုးတာ ဒီ စလင်းကနေ စေတုတ္တရာ ကျွန်းတောလမ်းအတိုင်း ထိုးတာ ဖြစ်တဲ့အတွက် ဒီ လမ်းကြောင်းကနေပဲ စေတုတ္တရာမြောက်ပိုင်း ကုန်သွယ်စီးဆင်းမှု လုပ်နေရတော့ ပြည်သူတွေမှာ အခက်အခဲ ရှိပါတယ်။ အခု အယ်လ်နီညို ကာလ ဖြစ်တယ်၊ ပြီးရင် ဒီနှစ်အဖို့ ကုန်ဈေးနှုန်းတွေ မြင့်လာတယ်။ လမ်းကြောင်း ပိတ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ရှောင်တွေကတော့ တော်တော် အခက်ခဲ ဖြစ်နေတယ်" လို့ သူက ဆိုပါတယ်။ မင်းဘူး(စကု)မြို့နယ်က အမျိုးသမီးရဲ့ လေဖြတ်ခြင်းဟာ ဒီ အပူဒဏ်ရဲ့ ပထမဆုံး သတိပေးခေါင်းလောင်းသံ တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ စစ်ကြောင်းနဲ့ လေကြောင်း အန္တရာယ်ကြားမှာ ကြိုတင်ပြင်ဆင်ဖို့ အခွင့်အရေး နည်းပါးတဲ့ မကွေးတိုင်းက စစ်ဘေးရှောင်တွေအတွက် ရှေ့လာမယ့် နွေဟာ စစ်ဘေးတစ်ခုတည်း မဟုတ်တော့ဘဲ ရာသီဥတုပြောင်းလည်းခြင်းဆိုတဲ့ နောက်ထပ် မျက်နှာစာ တစ်ခုကိုပါ ထပ်ဆင့် ရင်ဆိုင်ရမယ့် ကာလ ဖြစ်လာပါလိမ့်မယ်။ The Nation Voice Journal ကို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ ပုံနှိပ်ထုတ်ဝေဖြန့်ချိနေပါပြီ။ သတင်းနဲ့ ဆောင်းပါးတွေဖတ်ဖို့ အခုပဲ အခမဲ့ Download ရယူလိုက်ပါ . . https://www.mediafire.com/file/0ajhxjb0wlbuyd1/The+Nation+Voice+2.19.pdf/file သတင်းတွေသိရဖို့ မျှဝေပေးပါ . . . The Nation Voice ကို အစဉ်တစိုက် အားပေးနေကြတဲ့ စာဖတ်ပရိသတ်တစ်ဦးချင်းစီကို အထူးကျေးဇူးတင်ရှိပါတယ်။
Open in Telegramယောဒေသမှာ စစ်ရေးအရှိန် မြင့်တက်နေရခြင်းဟာ အာဏာသိမ်းစစ်တပ်က မကွေးတိုင်းကို ခြေကုတ်ယူပြီး ချင်းပြည်နယ် တောင်ပိုင်းဆီ ထိုးစစ်ဆင်နေတာနဲ့ ဆက်စပ်နေပါတယ်။ လေကြောင်းပစ်ကူနဲ့ အင်အား တစ်ထောင်ကျော် သုံးပြီး လောင်းရှည်၊ ဆော၊ ကျောက်ထု၊ ကံကြီး၊ ထီးလင်း၊ ကံချောင်း စတဲ့ နေရာတွေကနေ ကန်ပက်လက်၊ မင်းတပ်၊ ကျင်းဒွေးဘက်တွေဆီ စစ်ကြောင်း ၆ ကြောင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ တော်လှန်ရေး သတင်းရင်းမြစ်တွေက ဆိုပါတယ်။ အောက်တိုဘာ ၈ ရက်ကလည်း တပ်မ (၇၇) စစ်ကြောင်းက အင်အား ၄၀၀ ဝန်းကျင်ကို လောင်းရှည်မြို့ဆီ အင်အားဖြည့်ခဲ့ပြီး မင်းတုန်းမြို့နယ် ရခိုင်ရိုးမ အစပ်မှာလည်း တပ်မ (၅၅)က အင်အား တစ်ထောင်ကျော်နဲ့ ရခိုင်ဘက် ဝင်ရောက်နိုင်ဖို့ စစ်ကြောင်းထိုးနေတယ်လို့ ဆိုပါတယ်။ ဒီ တပ်အင်အားနဲ့ စစ်ကြောင်း အရေအတွက်တွေကို TNV အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ အဲဒီ စစ်ကြောင်းထိုးတာတွေကြောင့် လက်ရှိကာလအတွင်း ဆောနယ်ဟာ မြန်မာမှာ စစ်ဘေးဒဏ်ကို အဆိုးဆုံး ခံနေရတဲ့ ဒေသ တစ်ခုဖြစ်တယ်လို့ မကွေးတိုင်းကို စောင့်ကြည့်နေတဲ့ The Nation Voice ရဲ့ သုတေသနဌာနက သုံးသပ်ပါတယ်။ "ဆောဘက်မှာက စစ်ကြောင်းထိုးထားတယ်။ အဲဒီအတွက် ဒေသခံတွေက ရှောင်ပြေးနေရတာ။ ရှောင်လိုက် ပြေးလိုက် ပြန်ဝင်လိုက် အဲလိုမျိုး လုပ်နေရတာ ရှိတယ်။ စစ်ကြောင်းက ချင်းတောင်ကို တက်မယ်လို့ ပြောတယ်။ ဒါပေမယ့် ချင်းတောင် မတက်ခင် ဆောနယ်မှာပဲ တိုက်ပွဲတွေက ဖြစ်တာ။ ဆော၊ လောင်းရှည် ဘက်က အပစ်ခံ ဧရိယာလိုကို ဖြစ်နေတာ။ ဆော ဒေသတွေက အဆိုးဆုံးပေါ့နော်။ ဆောတောင်မှ ဆောတောင်ဘက်ခြမ်းက ပိုဆိုးတယ်လို့ ပြောလို့ရတယ်" လို့ သုတေသနဌာန တာဝန်ခံက ဆိုပါတယ်။ မကွေးတိုင်းအတွင်း စစ်ဘေးရှောင်ဦးရေဟာ တိုင်းအတွင်းက ပြည်သူ လေးသန်းရဲ့ ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ လူဦးရေ ခြောက်သိန်းကနေ ရှစ်သိန်းကြားအထိ ရှိနေတယ်လို့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ လူသားစာနာနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန တာဝန်ခံက The Nation Voice ကို ပြောပါတယ်။ ဒီ ကိန်းဂဏန်းက ဖက်ဒရယ်ယူနစ်က တွက်ချက်ထုတ်ပြန်တာ ဖြစ်ပြီး TNV အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ မကွေးယူနစ်အနေနဲ့ အခွန်အခ အများကြီး မရသေးတာကြောင့် CSR ရန်ပုံငွေထဲက အခွန်အခတွေ သုံးပြီး စစ်ဘေးရှောင်တွေအတွက် သီးသန့်ကဏ္ဍ တစ်ခုအနေနဲ့ ဖြည့်ဆည်းပေးနေပေမယ့် စစ်ရှောင်အများပြား ရှိတဲ့အတွက် အခက်အခဲတွေ များတယ်လို့ သူက ဆိုပါတယ်။ စစ်ဘေးရှောင်တွေအတွက် ယူနစ်အစိုးရ စိုးမိုးထားတဲ့ နယ်မြေတွေမှာ ကျန်းမာရေးဌာနနဲ့ ပူးပေါင်းပြီး လူဦးရေ လေးသောင်းကျော်ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးထားတယ်လို့ သိရပါတယ်။ အယ်နီညိုနဲ့ ပတ်သက်ပြီး ယူနစ်အနေနဲ့ လွန်ခဲ့တဲ့ တစ်လနှစ်လကစပြီး ကြိုတင်ပြင်ဆင်ထားတာတွေ ရှိကာ ဝမ်းရောဂါ၊ အရေပြားရောဂါတွေနဲ့ သွေးတိုး၊ ဆီးချို စတဲ့ ရောဂါအခံရှိသူတွေအတွက် ဆေးဝါးတွေ ကြိုတင် စုဆောင်းထားပြီး ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ပြင်ဆင်မှု သင်တန်းတွေ ပေးနေတယ်လို့ ဆိုပါတယ်။ ပခုက္ကူမြို့နယ်တစ်ခုထဲမှာပဲ စစ်ဘေးရှောင်ဦးရေဟာ ၃,၅၀၀ နဲ့ လေးထောင်ကြားမှာ ရှိပြီး ရေရှည် စစ်ရှောင်တွေဟာ တောတိုက်တွေ၊ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်ကြကာ ဆန်၊ ဆီ၊ ဆား အပါ စားသောက်ကုန်တွေ၊ အဝတ်အထည်နဲ့ စောင်တွေ လိုအပ်နေတယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လူသားစာနာတာဝန်ခံ ကိုစိုးထွဋ်ဝင်းက The Nation Voice ကို ပြောပါတယ်။ "တချို့ဆို မီးရှို့ခံလိုက်ရတော့ အိမ်တွေမှာ ပစ္စည်းတွေပါ မကျန်တော့ သူတို့မှာ အိုးခွက်ပန်းကန်ကအစ ဘာမှမရှိဘူး။ စောင်ဆိုတာလည်း မရှိဘူး။ အဝတ်အထည်တွေကအစ ဘာမှမရှိဘူး။ မီးဘေးသင့်ပြီး စစ်ရှောင်ဖြစ်သွားတဲ့ ပြည်သူတွေရဲ့ အနေအထားက ပိုပြီးတော့ ဆိုးတယ်။ ရေရှည်စစ်ရှောင်တို့အတွက်က စောင်တွေ ချပေးပေမယ့် စစ်ကြောင်းထိုးမှုတွေကြောင့် စစ်ကောင်စီက ဖျက်ဆီးသွားတာတွေ အများကြီးရှိတယ်။ ဒီလိုမျိုး အခြေအနေတွေမှာ စောင်တို့ ဆန်တို့ ဆီတို့ အဓိကလိုတယ်။ ဆေးဝါးကလည်း အလွယ်တကူ ရနိုင်ပေမယ့် ငွေကြေး ပြည့်စုံလုံလောက်မှု မရှိတာကြောင့် ဆေးရိက္ခာအနေနဲ့လည်း ပိုပြီးလိုအပ်တယ်" လို့ ဆိုပါတယ်။ လိုအပ်ချက်တွေအပြင် လေကြောင်းနဲ့ စစ်ကြောင်း အန္တရာယ်တွေကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ စစ်ရှောင်တွေကို အာဏာသိမ်းစစ်တပ် စစ်ကြောင်း မလာနိုင်တဲ့၊ လေကြောင်းတိုက်ခိုက်မှုအတွက် နာမည်သိပ်မရှိတဲ့ နေရာတွေမှာ နေရာချထားရကာ ဘုရားကျောင်းကန်တွေက စိတ်မချရလို့ တောတိုက်တွေမှာ နေရာချထားကြတယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးကိုလည်း လေကြောင်းတိုက်ခိုက်မှု ငြိမ်မှသာ လုပ်ဆောင်ရနိုင်တယ်လို့ သိရပါတယ်။ ရာသီဥတုဒဏ်ကတော့ တစ်နှစ်ပြီးတစ်နှစ် ဆိုးလာတယ်လို့ ကိုစိုးထွဋ်ဝင်းက ဆိုပါတယ်။ "ယာခင်းတွေ ပျက်စီးတာတွေ၊ ကောက်ပဲသီးနှံ ပျက်စီးတာတွေအပြင် ရေရှားပါးမှုနဲ့အတူတူ တချို့သော ကျန်းမာရေးကိစ္စတွေကိုလည်း ရင်ဆိုင်ဖြတ်သန်းရမယ်။ နောက်တစ်ခုက မိသားစု စားဝတ်နေရေးဆိုတဲ့ ကိစ္စကလည်း ယာစိုက်မှ၊ တောအလုပ် လိုက်လုပ်မှ ဆိုတဲ့ ဟာတွေရှိတော့ ပြည်သူတွေအနေနဲ့ ပိုပြီး ခက်ခဲလာနိုင်တယ်" လို့ သူက ပြောပါတယ်။
Open in Telegramစစ်မီးနဲ့ အယ်နီညိုကြားမှ စစ်ဘေးရှောင်များ The Nation Voice Journal အတွဲ ၂၊ စာစဉ် ၁၉ ငြိမ်း(TNV) ရေးသားသည်။ မြန်မာ့ အပူဆုံးဒေသ မကွေးတိုင်းမှာ နေ့အပူချိန် စံချိန်တင် မြင့်တက်လာချိန်မှာ စစ်ရေးအရှိန် အမြင့်ဆုံး ကိုရင်ဆိုင် နေတဲ့ စစ်ဘေးရှောင်တွေဟာ ပြင်းထန်တဲ့ အယ်နီညို ရာသီဥတုဒဏ်ကိုလည်း ထပ်ဆင့် ရင်ဆိုင် နေကြရပါတယ်။ အောက်တိုဘာ ၁၃ ရက် မနက် ၁၁ နာရီခွဲ ဝန်းကျင်မှာ မကွေးတိုင်း မင်းဘူး(စကု)မြို့နယ် ဘုမ္မနိုးရွာက အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးဟာ အိပ်ပျော်နေရင်းကနေ နေအပူရှိန်ကြောင့် အကြောဆွဲပြီး လေဖြတ်သလို ဖြစ်သွားတာကြောင့် နေပြည်တော် ဆေးရုံအထိ ပို့ဆောင် လိုက်ရပါတယ်။ "သူက ရောဂါအခံ ရှိနေတော့ ပိုဆိုးတာပေါ့။ နှလုံးရောဂါ၊ ဆီးချိုသွေးချိုနဲ့ ဆိုတော့ နေကလည်း အဲဒီနေ့က အတော်ပူတယ်။ သူအိပ်နေတာတဲ့၊ သူ့အမျိုးသားက ရေချိုးဖို့ နှိုးမှ သူအဲဒီလိုဖြစ်တာကို သိတာလို့ ပြောတယ်။ ဆရာဝန်ကတော့ နဂိုကတည်းက ရောဂါအခံလည်း ရှိတယ်။ အဲဒီနေ့က နေပူကလည်း အရမ်းပြင်းတော့ မခံနိုင် ဖြစ်သွားတယ်လို့ ပြောတာပဲ။ အခု လှုပ်လှုပ်ရှားရှား သိပ်ပြီးမရှိတော့ဘူးလို့ ပြောတယ်" လို့ သူက ဆိုပါတယ်။ အသက်ကြီး ရွယ်အိုနဲ့ ကလေးသူငယ်တွေကို နေပူချိန် အေးတဲ့နေရာမှာ ထားဖို့၊ ရောဂါအခံ ရှိသူတွေကို အထူး ဂရုစိုက်ဖို့နဲ့ "ကျွန်တော့် အစ်မလို နောက်ထပ်လူတွေ မဖြစ်စေဖို့" သူက အသိပေး ပြောကြားပါတယ်။ ဒီ ဖြစ်စဉ်ဟာ မြန်မာ့ အပူဆုံးဒေသ မကွေးတိုင်းအတွက် လာတော့မယ့် ရာသီဥတုဒဏ်ရဲ့ ကြိုတင် သတိပေးချက် တစ်ခုပါ။ မြန်မာ မိုးလေဝသနဲ့ ကမ္ဘာ့ မိုးလေဝသအဖွဲ့ (WMO) ရဲ့ ၂၀၂၆ ခန့်မှန်းချက်တွေအရ ဒီနှစ်ဟာ ပြင်းထန်တဲ့ အယ်နီညို ဖြစ်ပေါ်နိုင်တဲ့ နှစ်ဖြစ်ပြီး ပူပြင်းခြောက်သွေ့မှုက ၂၀၂၇ မိုးရာသီအထိ ဆက်နိုင်တယ်လို့ ဆိုထားပါတယ်။ ဆောင်းဦး ရောက်နေပေမယ့် မကွေးတိုင်းထဲက မြို့နယ် အတော်များများမှာ အပူချိန် ပုံမှန်တက် မြင့်နေဆဲ ဖြစ်ပါတယ်။ ဒီ အပူဒဏ်ဟာ အိမ်ယာနဲ့ ဆေးဝါး ပြည့်စုံတဲ့ ဒေသခံတစ်ဦးကိုတောင် နေပြည်တော် ဆေးရုံအထိ ရောက်စေနိုင်တယ်ဆိုရင် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာ မပြည့်စုံဘဲ တောတောင်တွေထဲ ပုန်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်တွေအတွက် ဒီ ရာသီဥတုဒဏ်က နှစ်ဆ ပိုဆိုးစေပါတယ်။ မကွေးတိုင်းအနောက်ဖက် ပုံတောင်ပုံညာ တောင်တန်းကြီးနောက်ကွယ်က ဂန့်ဂေါ၊ ထီးလင်း၊ ဆော မြို့နယ်ဝန်းကျင်က ယောဒေသ ဟာ အခု စစ်ရေးအရှိန် အမြင့်ဆုံး ကာလကို ရောက်နေပြီး အဲဒီ ဒေသက စစ်ဘေးရှောင်တွေဟာ စစ်ဘေးဒဏ်နဲ့ အယ်နီညို ရာသီဥတုဒဏ်ကို ညှပ်ပူးညှပ်ပိတ် ရင်ဆိုင်နေရပါတယ်။ မကွေးတိုင်းထဲက ယောဒေသမှာ စစ်ဘေးရှောင် နှစ်သောင်းဝန်းကျင်အထိ ရှိပြီး အဲဒီထဲက တချို့ဟာ ၂၀၂၁ ခုနှစ်ကတည်းက စစ်ရှောင်ကြရတဲ့သူတွေ ဖြစ်တယ်လို့ ယောဒေသက စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ အမျိုးသားတစ်ဦးက The Nation Voice ကို ပြောပါတယ်။ အဲဒီ စစ်ဘေးရှောင်တွေအနေနဲ့ တောထဲမှာ ပုန်းရှောင်နေကြရသလို ယောဒေသမှာရှိတဲ့ စစ်ဘေးရှောင်စခန်း ၃၀ ဝန်းကျင်မှာ ခိုလှုံနေကြသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ "အဓိကကတော့ စားနပ်ရိက္ခာပေါ့နော်။ မိုးတွင်းရောက်တော့ မိုးကာတွေ သိပ်မလုံဘူးပေါ့နော်။ မိုးကာတို့၊ နောက် ဆေးဝါးတို့ အဓိက အဲဒါတွေ လိုတာ" လို့ စစ်ရှောင်ကူညီသူ အမျိုးသားက ပြောပါတယ်။ စစ်ဘေးရှောင်စခန်းတွေမှာ ဆရာဝန်တွေ မရှိပေမယ့် မြို့နယ်အလိုက် ကျန်းမာရေးအဖွဲ့တွေ ရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖွင့်လှစ်ပေးထားတဲ့ ဆေးခန်းတွေဟာ စစ်ရှောင်တွေနဲ့ လက်လှမ်းမီနိုင်တဲ့နေရာတွေမှာ ရှိတာကြောင့် ကျန်းမာရေး တစ်ခုခုဖြစ်ရင် အဲဒီဆေးခန်းတွေဆီ သွားပြကြရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အကူအညီ ဖြန့်ဝေမှုက မညီမျှသေးဘဲ၊ မရသေးတဲ့ စခန်းတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ "အကူအညီ ထောက်ပံ့မှုတွေက မရတဲ့နေရာကျတော့ ဘာမှမရဘူးပေါ့နော်။ ရတဲ့နေရာကျတော့ ထပ်ခါထပ်ခါ ရနေတာတွေ ရှိတယ်။ တချို့ မလိုအပ်တဲ့နေရာတွေ ရနေတာတွေ ရှိတယ်။ တချို့ NGO အနေနဲ့ကျတော့လည်း ပိုက်ဆံ ထောက်ပံ့တာလေးတွေလည်း ရှိတယ်" လို့ သူက ဆက်ပြောပါတယ်။ အပူဒဏ်နဲ့ ရေရှားပါးမှုက ရှေ့မှာ စောင့်နေပေမယ့် ယောဒေသက စစ်ဘေးရှောင် အများစုဟာ ဒီ ရာသီဥတုဘေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ လက်လှမ်းမမီကြဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ "အယ်နီညိုအတွက် ပြင်ဆင်မှုကတော့ နည်းနည်းနည်းမယ် ထင်တယ်။ ဒီနှစ် ဒီကာလမှာ အယ်လ်နီညို ဖြစ်မယ်ဆိုတာတော့ သူတို့ သိမယ်။ အဲဒီလို ခေါင်းစဉ်ကတော့ သိမယ်။ ဒါပေမယ့် ဘယ်လောက်ထိ သက်ရောက်မှုရှိမယ်၊ ဘယ်လိုတွေ ဆိုးဆိုးရွားရွား ခံစားရမယ်ဆိုတာတော့ သူတို့ အဲလိုမျိုးတော့ လက်လှမ်းမမီလောက်ဘူး" လို့ စစ်ဘေးရှောင်စခန်းကို ရောက်နေတဲ့ TNV ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ ယောဒေသဟာ တောင်တန်းဒေသ ဖြစ်ပြီး စစ်ရှောင်စခန်းတွေဟာ ရွာတွေနဲ့ ဝေးတဲ့ တောထဲတွေမှာ ရှိကြသလို ချောင်းတွေနဲ့လည်း ဝေးတာကြောင့် အယ်နီညိုကာလအတွင်း ရေရှားမှုတွေ ပိုပြီး ကြုံတွေ့လာနိုင်တယ်လို့ အဆိုပါ သတင်းရင်းမြစ်က သုံးသပ်ထားပါတယ်။
Open in Telegramအခုလိုလေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာအပြင် စစ်တပ်ဟာ မြေပြင်မှာလည်း စစ်ကြောင်းထိုးမှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ ပခုက္ကူခရိုင်ထဲက မြိုင်မြို့နယ်မှာ စစ်တပ်ဟာ လေကြောင်းပစ်ကူ အထောက်အပံ့နဲ့ စစ်ကြောင်းထိုးဝင်နေပြီး တဲကြီးကျေးရွာက ရေနံတွင်း (Well-2) ဒေသကို ၃ လကြာ ဝိုင်းထားကာ ခဲယမ်းကို လေကြောင်းကနေ ချပေးနေရတယ်လို့သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဒီ စစ်ကြောင်းကြောင့် ပတ်ဝန်းကျင်ရွာတွေက ဒေသခံ ၅,၀၀၀ဟာ အောက်တိုဘာ ၂၀ ရက်အထိ ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတယ်လို့ အညာမြေ အရပ်ဖက်လူအဖွဲ့စည်းက ဆိုပါတယ်။ ကမ္မမြို့ဘက်မှာလည်း တပ်မ ၁၀၁ လက်အောက်ခံ အဖွဲ့ဝင် အင်အား ၂၀၀ခန့်နဲ့ ကား၇စီးပါး စစ်ကြောင်းဟာ ဝဲတူး ရေနံမြေဒေသဆီ ဦးတည် ရွေ့လျားနေပြီး ဆိပ်ဖြူမြို့နယ်မှာလည်း စစ်ကြောင်းကြောင့် ကျေးရွာ ၅ ရွာက ဒေသခံတွေ စစ်ရှောင်နေရတယ်လို့ ဒေသခံတွေက The Nation Voice ကို ပြောပါတယ်။ စစ်ကြောင်းတွေရဲ့ ဦးတည်ချက်က မြိုင်၊ ပေါက်နဲ့ ပခုက္ကူ ကြားက ရေနံမြေ ဒေသတွေ ဖြစ်ပြီး အရပ်ဘက်ကို ဖြတ်သန်းရင်း ကျေးရွာတွေ မီးရှို့၊ လေကြောင်းက ဗုံးကြဲတဲ့ ပုံစံ ဖြစ်နေပါတယ်။ စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မကွေးတိုင်းအတွင်း စစ်ဘေးရှောင် ဦးရေ နေ့စဉ် တိုးနေပါတယ်။ ယောဒေသလို့ ခေါ်ကြတဲ့ ဂန့်ဂေါ၊ ထီးလင်း၊ ဆော ဝန်းကျင်မှာ စစ်ရှောင် နှစ်သောင်းခန့်ဟာ စခန်း ၃၀ ဝန်းကျင်မှာ ခိုနေကြရပြီး တောထဲတောင်ထဲတွေမှာလည်း နေထိုင်နေကြရပါတယ်။ ပခုက္ကူမြို့နယ်မှာတော့ စစ်ဘေးရှောင်ဦးရေ လေးထောင်ဝန်းကျင်ရှိပြီး စေတုတ္တရာမှာ စစ်ရှောင်တစ်ထောင်ခန့် ရှိတယ်လို့ ဒေသဆိုင်ရာ တာဝန်ခံတွေက ဆိုပါတယ်။ ရေရှည် စစ်ရှောင်တွေဟာ မီးရှို့ခံရလို့ အိုးခွက်ပန်းကန်ကအစ ဘာမှ မကျန်ဘဲ တောတိုက်တွေ၊ ဘုန်းကြီးကျောင်းတွေမှာ ဆန်၊ ဆီ၊ စောင်၊ ဆေးဝါးကို မျှော်နေကြရပါတယ်။ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ခန့်မှန်းချက်အရ တိုင်းအတွင်း စစ်ရှောင်ဦးရေဟာ လူဦးရေ ၄ သန်းရဲ့ ၁၅ရာခိုင်နှုန်းကနေ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ လူဦးရေ ၆ သိန်းကနေ ၈ သိန်းကြားအထိ ရှိနိုင်တယ်လို့ ဆိုပေမယ့် ဒီ ကိန်းဂဏန်းကို TNV သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ သီတင်းကျွတ်လပြည့်ညပိုင်းမှာ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ဒေသခံပြည်သူတွေဟာသတင်းကျွတ်မီးထွန်းပွဲတော်နဲ့ ဆုတောင်းပွဲကို ကျင်းပနေခဲ့ကြပါတယ်။ အဲဒီလို လူစည်ကားချိန်မှာပဲ စစ်ကောင်စီတပ်ကလေကြောင်းကနေ ရုတ်တရက် ဝင်ရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာ လေယာဉ်တွေနဲ့ စက်တပ်လေထီး တွေကိုပါ အသုံးပြုပြီး လူအုပ်ကြားထဲကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲမှုကြောင့် ပွဲတော်လာရောက်သူ ကလေးငယ်တွေ အပါအဝင် အရပ်သား ၃၂ ဦးကနေ ၄၀ ဝန်းကျင်အထိ အသက်ဆုံးရှုံးခဲ့ရပြီး တခြား ပြည်သူ ၈၀ နီးပါးလောက်လည်း ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ ဒီနှစ်မှာတော့ မင်းအောင်လှိုင်အစိုးရတိုင်းရုံးစိုက်ရာ မကွေးမြို့အပါအဝင် မကွေးတိုင်းထဲက အချို့သောမြို့ပေါ်တွေမှာ မီးပုံးပျံပွဲကို သတင်းကျွတ်ညမှာ ဆင်နွဲကြပါလိမ့်မယ်။ ဒါပေမယ့် ဗုံးသံနဲ့ စစ်သံတွေကြားက ကျေးလက်တွေမှာတော့ အချိန်မရွေးရောက်လာနိုင်တဲ့ ဗုံးသံကိုနားစွင့်ရင်း စိုးတထိတ်ထိတ်နဲ့ ဖြတ်သန်းကြရအုံးမယ့် သီတင်းကျွတ်လပြည့်ညတစ်ခု အဖြစ်ရှိနေအုံးမယ်လို့ ဆိုကြရပါလိမ့်မယ်။ The Nation Voice Journal ကို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ ပုံနှိပ်ထုတ်ဝေဖြန့်ချိနေပါပြီ။ သတင်းနဲ့ ဆောင်းပါးတွေဖတ်ဖို့ အခုပဲ အခမဲ့ Download ရယူလိုက်ပါ . . https://www.mediafire.com/file/0ajhxjb0wlbuyd1/The+Nation+Voice+2.19.pdf/file သတင်းတွေသိရဖို့ မျှဝေပေးပါ . . . The Nation Voice ကို အစဉ်တစိုက် အားပေးနေကြတဲ့ စာဖတ်ပရိသတ်တစ်ဦးချင်းစီကို အထူးကျေးဇူးတင်ရှိပါတယ်။
Open in Telegramစိုးတထိတ်ထိတ်ကျော်ဖြတ်ရမယ့် သတင်းကျွတ်လပြည့်ည The Nation Voice Journal အတွဲ ၂၊ စာစဉ် ၁၉ The Nation Voice ရေးသားသည်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့မှာ မကွေးမြို့က မြသလွန်ဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ပါတယ်။ မြို့ခံတွေနဲ့ အနီးဝန်းကျင်ကျေးရွာတွေက ဘုရား ပွဲသွားသူတွေကတော့ ဒီနှစ်ဘုရားပွဲတော်က မဖွင့်ခင်ကတည်းက စည်ကားနေတဲ့ ပွဲတော်လို့ ဆိုကြပါတယ်။ ဒီနှစ်တော့ ဂေါပကအဖွဲ့က တောင်ကြီးတန်ဆောင်တိုင်မီးပုံပျံပွဲက မီးပုံးပညာရှင်တွေကို ဖိတ်ခေါ်ပြီး သတင်းကျွတ်လပြည့်မှာ မြသလွန်ဘုရားကနေ မီးပုံးပျံ အကြီး ၁၄ လုံးနဲ့ မီးပုံးအသေးသုံး ထောင်ကျော်ကိုလည်း လွှတ်တင်ဖို့ပြင်ဆင်ထားပါတယ်။ သတင်းကျွတ်လပြည့်ညဟာ မကွေးမြို့ မြသလွန်ဘုရားပွဲတော်ရဲ့ အစည်ကားဆုံးညလို့ ဆိုရမှာပါ။ ကြိတ်ကြိတ်တိုးနေတဲ့ ဘုရားပွဲလာသူတွေနဲ့ မြသလွန်ဘုရားရင်ပြင်တော်ပေါ်ကို လမ်းလျှောက်စရာမလိုပဲရောက်သွားနိုင်တဲ့ညလို့ ဆိုရပါမယ်။ ဒီလိုပါပဲ မကွေးတိုင်း စလင်းမြို့နယ် ထွေအုပ်ကလည်း သတင်းကျွတ်လပြည့်ညမှာ မီးပုံးပျံတွေလွှတ်ကြဖို့ ပြင်ဆင်နေပါတယ်။ ပြီးခဲ့တဲ့လပိုင်းကပဲ စစ်ကြောင်းထိုးမီးရှို့ပြီး ပြည်သူအသေအပျောက်များခဲ့တဲ့ မြစ်ခြေမြို့ရဲ့ တဘက်ကမ်းက ပုဂံမှာလည်း မီးပုံးပျံပွဲတော်ကို ခြိမ့်ခြိမ့်သဲကျင်းပဖို့ မင်းအောင်လှိုင်ဦးဆောင်တဲ့ အစိုးရက ပြင်ဆင်နေပါတယ်။ ဒါက စစ်အာဏာသိမ်းပြီးနောက် အညာဒေသရဲ့ မင်းအောင်လှိုင်အစိုးရ အုပ်ချုပ်ရာနေရာတွေမှာ မီးပုံးပျံပွဲတွေကို ကျင်းပဖို့ ကြိုးစားခဲ့တဲ့ ပထမဆုံးနှစ်လည်းဖြစ်ပါတယ်။ တစ်ဘက်မှာတော့ မင်းအောင်လှိုင်အစိုးရအနေနဲ့ သူတို့အုပ်ချုပ်ရေးမသက်ရောက်နိုင်တဲ့ တော်လှန်ရေးအဖွဲ့တွေ စိုးမိုးရာဒေသတွေကိုတော့ နေ့စဉ်နဲ့အမျှ စစ်ကြောင်းထိုးတာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း လုပ်ဆောင်နေပါတယ်။ မကြာသေးလှတဲ့ အောက်တိုဘာ ၁၆ရက် နေ့လယ်ပိုင်းမှာ မကွေးတိုင်း၊ ရေစကြိုမြို့နယ်မြောက်ပိုင်းက သစ်ကြီးတောနဲ့ သစ်ကောက်ဆိပ်ရွာဝန်းကျင်ကို စစ်တပ်က ဂျက်ဖိုက်တာ၊ ရဟတ်ယာဉ်တွေနဲ့ ဒရုန်းတွေအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးတွေနဲ့ အမျိုးသမီးတွေအပါအဝင် အနည်းဆုံး ရွာခံ ၁၅ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကဆိုပါတယ်။ သေဆုံးစာရင်းဟာ အခုထက်ပိုမိုများနိုင်ပြီး တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားနေထိုင်ရာ ကျေးရွာတွေကို ရည်ရွယ်တိုက်ခိုက်တာလို့လည်း ဒေသတွင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီ ထိခိုက်သေဆုံးမှု ကိန်းဂဏန်းကို TNV အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။ ရေစကြိုဖြစ်စဉ်အပြီး ရက်ပိုင်းအကြာ အောက်တိုဘာ ၁၈ရက်မှာ ပခုက္ကူမြို့နယ်၊ ကမ္မမြို့အနီးက အုန်းတောရွာကို စစ်တပ်က ညောင်ဦးလေဆိပ်ကတက်လာတဲ့ ဂျိုင်ရိုကော်ပတာသုံးစင်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ရွာခံငါးဦးသေဆုံးပြီး လေးဦးထိခိုက်ဒစ်ရာရခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။ ပထမအကြိမ်လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ကယ်ထုတ်နေချိန်မှာပဲ အသေခံဒရုန်းတစ်စင်းနဲ့ ဒုတိယအကြိမ်ထပ်မံတိုက်ခိုက်ခဲ့သေးတယ်လို့လည်း ဆိုပါတယ်။ အောက်တိုဘာ ၂၀ရက်က ဆိပ်ဖြူမြို့နယ် အနောက်ကံတွင်းရွာဘုန်းကြီးကျောင်းထဲကိုလည်း စစ်တပ်က ဒရုန်းနဲ့ ဗုံးသုံးလုံးချခဲ့တာကြောင့် ကျောင်းဆောင်ပျက်စီးခဲ့ပါတယ်။ ဆိပ်ဖြူမြို့နယ်ထဲကို အောက်တိုဘာ ၁၆ရက်ကစပြီး စစ်ကြောင်းဝင်ရောက်နေကာ စစ်ကြောင်းစဝင်တဲ့နေ့မှာပဲ ရေပုတ်ရွာ စာသင်ကျောင်းကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဒီဖြစ်စဉ်တွေဟာ ဆိပ်ဖြူမြို့နယ်အတွင်းမှာ ရက်ပိုင်းအတွင်း ဘာသာရေးအဆောက်အုံနဲ့ ပညာရေးအဆောက်အုံ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကို မြင်တွေ့နိုင်ပါတယ်။ မင်းတုန်းမြို့နယ်မှာ စက်တင်ဘာ ၁၃ရက်က ဇွန်းကျရွာ၊ အောက်တိုဘာ၈ရက်က ချင်းနစ်ရွာ၊ အောက်တိုဘာ ၁၂ရက်က မဲဇလီရွာနဲ့ အောက်တိုဘာ ၂၂ရက်က ရွာသစ်ရွာနဲ့ ငှက်ပျင်းရွာအကြားတွေကို စစ်တပ်က ပါရာမော်တာတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၄ဦးအပါအဝင် ၁၀ဦးသေဆုံးပြီး ၁၀ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် နွား ၇ကောင်သေဆုံးပြီး ဆေးခန်းနဲ့ နေအိမ်တွေပျက်စီးခဲ့ရပါတယ်။ The Nation Voice က စုဆောင်းထားတဲ့ မှတ်တမ်းတွေအရ အောက်တိုဘာလအတွင်း မကွေးတိုင်းမှာ လေယာဉ်၊ ဒရုန်း၊ ပါရာမော်တာနဲ့ ဂျိုင်ရိုကော်ပတာတွေ အသုံးပြုပြီး လေကြောင်းကနေ တိုက်ခိုက်မှုဖြစ်စဉ်ဟာ အနည်းဆုံး ၇ခုဖြစ်ပွားခဲ့ကာ ဒေသခံ အနည်းဆုံး ၂၀ကျော်သေဆုံးခဲ့ပါတယ်။ ထိခိုက်သေဆုံးသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေပါဝင်ပြီး အများစုက တိုက်ပွဲတွေနဲ့ မသက်ဆိုင်တဲ့ အရပ်သားတွေဖြစ်ပါတယ်။
Open in Telegram