အသည်းကွဲဖို့တောင် အချိန်မရခဲ့ဘူး ပျော်ရွှင်ဖို့အတွက် နေရာတစ်နေရာတောင် မကျန်တော့တဲ့အခါ ပျော်ရွှင်ခြင်းကို မေ့လျော့သွားကြတယ်။ ငါတို့မွေးဖွားခဲ့တဲ့ တိုင်းပြည်ဟာ တစ်နေ့ထက်တစ်နေ့ ကိုယ့်သားသမီးတွေကို ပြန်မမှတ်မိတော့ဘူး။ လမ်းတွေပေါ်မှာ အနာဂတ်ကို ရှာနေတဲ့ လူငယ်တွေထက် ထွက်ခွာဖို့ လက်မှတ်ဝယ်နေတဲ့ လူငယ်တွေ ပိုများလာတယ်။ တစ်ယောက်က မလေးရှားကို၊ တစ်ယောက်က ထိုင်းကို၊ တစ်ယောက်က ဘယ်နိုင်ငံရောက်ရောက် အဆင်ပြေပါစေလို့ပဲ ဆုတောင်းရတယ်။ အိမ်ကနေ ထွက်လာတဲ့အခါ အမေ့မျက်နှာကို နောက်ဆုံးအကြိမ် ကြည့်ခဲ့သလိုမျိုး ကိုယ့်ကိုယ်ကိုယ်လည်း နောက်ဆုံးအကြိမ် ပြန်ကြည့်ခဲ့ရတယ်။ ငါတို့ဟာ ကိုယ်မကြိုက်တဲ့ ဘာသာစကားကို သင်ယူခဲ့ကြတယ်။ ကိုယ်မသိတဲ့ လမ်းတွေကို လျှောက်ခဲ့ကြတယ်။ ကိုယ်မရင်းနှီးတဲ့ လူတွေအကြား ကိုယ့်တန်ဖိုးကို နေ့တိုင်း သက်သေပြခဲ့ကြတယ်။ အိပ်မက်တွေက ကြီးမားနေပေမယ့် အိပ်မက်မက်ဖို့တောင် အိပ်ချိန်မလုံလောက်တော့ဘူး။ တစ်ခါတလေ တစ်ယောက်ယောက်ကို လွမ်းမိတယ်။ ပြန်မလာတော့မယ့်သူတစ်ယောက်ကို သတိရမိတယ်။ အသည်းကွဲတယ်ဆိုတာ အချိန်ယူပြီး နာကျင်ရတဲ့ လူငယ်ဘဝရဲ့အမှတ်တရတစ်ခုပဲ။ ဒါပေမဲ့ ငါတို့မှာ အသည်းကွဲဖို့တောင် အချိန်မရခဲ့ဘူး။ မနက်ဖြန် အလုပ်သွားရမယ်။ ဒီနေ့အတွက် အိမ်လခပေးရမယ်။ မိသားစုဆီ ပိုက်ဆံပို့ရမယ်။ ကိုယ့်နှာခေါင်းပေါက်ထဲဝင်လာတဲ့ လေကို မျှဝေပေးရတဲ့ အခန်းဖော်နဲ့ တည့်အောင်နေရမယ်။ ကိုယ့်မျက်ရည်ကိုယ် သုတ်ပြီး နောက်တစ်နေ့အတွက် အသက်ရှင်ရမယ်။ တစ်ခါတလေ အိပ်မရရင် ခေါင်းထဲမှာ စိတ်ကူးယဉ်တယ်။ ငါတို့ အသက်ရှင်နေတာလား။ ဒါမှမဟုတ် မသေဆုံးသွားဖို့အတွက်ပဲ နေ့တိုင်း ကြိုးစားနေတာလား။ မေးသာမေးတယ် အဖြေပြန်မရတော့ သင်္ချာဆရာမကိုပြုခဲ့တဲ့ ဝဋ်တွေလို့ပဲ ရယ်စရာကောင်းအောင်တွေးလိုက်ရတယ်။ ငယ်ငယ်တုန်းက ကြီးလာရင် ဘာဖြစ်ချင်လဲလို့ မေးခဲ့ကြတယ်။ အခုတော့ ဘယ်မှာနေရင် လုံခြုံမလဲ၊ ဘယ်အလုပ်လုပ်ရင် စားဝတ်နေရေးပြေလည်မလဲ၊ ဘယ်လောက်ကြာရင် အိမ်ပြန်နိုင်မလဲဆိုတာပဲ စဉ်းစားနေကြရတယ်။ ငါတို့ဟာ အနာဂတ်ကို တည်ဆောက်ချင်တဲ့ လူငယ်တွေ၊ ငါတို့ဟာ အနာဂတ်မရှိတော့လို့ အနာဂတ်ရှိနိုင်မယ့် နေရာကို ထွက်ပြေးလာခဲ့ကြရတဲ့ လူငယ်တွေ၊ ငါတို့ဟာ တစ်နေ့နေ့မှာ ဒီအရာအားလုံးကို ပြန်ပြောပြမယ့် လက်ဆင့်ကမ်းသူ လူငယ်တွေ။ ဒါပေမဲ့ အဲဒီနေ့မှာ ငါတို့ဟာ ငယ်ရွယ်မှုကို ပြန်ရနိုင်ပါ့မလား။ တိုင်းပြည်တစ်ပြည်က လူငယ်တွေရဲ့ အိပ်မက်တွေကို ဆုံးရှုံးလိုက်ရတာထက် ပိုဝမ်းနည်းစရာကောင်းတာတစ်ခုရှိတယ်။ အဲဒီလူငယ်တွေဟာ သူတို့ရဲ့ အိပ်မက်တွေကို စွန့်လွှတ်ခဲ့ရတာကိုတောင် ဝမ်းနည်းဖို့ အချိန်မရခဲ့ကြတာပဲ။ -သွယ်မြိတ်
Открыть в TelegramДинамика просмотровСкрыть динамику
Рост просмотров
Часов после публикации
Показать таблицей
| Часов после публикации | Просмотры |
|---|---|
| 0 ч | 0 |
| 5 ч | 582 |
| 15 ч | 1 676 |
- Через 6 часов582
- Всего сейчас1 676










